အားသွင်းစရာ မလိုတဲ့ Aptera လျှပ်စစ်ကား

Aptera ကုမ္ပဏီဟာ ၂၀၁၁ ခုနှစ်မှာ ဘီးသုံးဘီးပါတဲ့ လျှပ်စစ်ကားအတွက် ရန်ပုံငွေရှာဖွေမှု ကျရှုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာ Aptera ကတော့ အားသွင်းစရာမလိုတဲ့ ဆိုလာစွမ်းအင်သုံးကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ကားဟာ မိုင် ၁,၀၀၀ အထိ သွားနိုင်ပြီး တစ်နာရီ ကီလိုဝပ် ၁၀၀ ပါဝင်တဲ့ ဘက်ထရီလည်း ပါလာမှာပါ။

ဘီးသုံးဘီးပါတဲ့ ကားသစ်ဟာ လူနှစ်ယောက် အထိ စီးနင်းနိုင်ပြီး ကားခေါင်မိုးမှာ ဆိုလာပြားထည့်သွင်းကာ တစ်ရက်မှာ ၄၅ မိုင်အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ထိပ်တန်းကားမော်ဒယ်ဆိုရင်တော့ ကားကို ပါကင်ထိုးထားချိန်မှာ ဆိုလာပြားကနေ အားသွင်းနိုင်ပေးပြီး ခရီးအကွာအဝေး မိုင် ၁,၀၀၀ အထိ မောင်းနှင်နိုင်ပါတယ်။ Car and Driver သတင်းဖော်ပြချက်အရ ကားက မောင်းနှင်နေစဉ်မှာ ဆိုလာစွမ်းအင်ကို အသုံးပြုမှာ မဟုတ်ပါဘူး။

“Aptera ရဲ့ Never Charge နည်းပညာက နေရောင်ခြည်စွမ်းအင်နဲ့ပဲ မောင်းနှင်နိုင်ပါတယ်။ ကျွန်တော်တို့ ဆိုလာနည်းပညာက ဘက်ထရီကို ထိန်းသိမ်းပေးပြီး ဘယ်အချိန်၊ ဘယ်နေရာကို မဆို မောင်းနှင်နိုင်ပါတယ်” လို့ Aptera တွဲဖက်တည်ထောင်သူ ခရစ္စအန်တိုနီက ထုတ်ပြန်ခဲ့ပါတယ်။

“Never Charge နည်းပညာကတော့ Aptera ကားတိုင်းမှာ ထည့်သွင်းထားပါတယ်။ ဒေသတော်တော်များများ အတွင်း တစ်နှစ် ၁၁,၀၀၀ မိုင်အထိ ခရီးသွားလာဖို့ နေရောင်ခြည်စွမ်းအင် လုံလောက်အောင် ရိတ်သိမ်းနိုင်ပါတယ်”
ကားပုံစံကတော့ ဒီဇိုင်းကွေးပြီး ပေါ့ပါးပါတယ်။ Aptera ရဲ့ Paradigm နဲ့ Paradigm Plus ကားတွေကိုတော့ ကြိုတင်မှာယူနိုင်ပြီ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅,၉၀၀ နဲ့ ဒေါ်လာ ၄၆,၀၀၀အကြား ကျသင့်ပြီး ၂၀၂၁ ခုနှစ်မှာ တင်ပို့ရောင်းချပါမယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««