အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် ထည့်သွင်းသင်ကြားမည့် သင်ရိုးညွှန်းတမ်းများအကြောင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှာ ထည့်သွင်းသင်ကြားမယ့် သင်ရိုးညွှန်းတမ်းတွေနဲ့ စပ်လျဥ်းတဲ့ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၁၂ ရက်က အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးမှာ သင်ရိုးညွှန်းတမ်းများသည် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း သင်တန်းများကို သင်ကြားပေးမည့် သင်ရိုးညွှန်းတမ်းများဖြစ်ကြောင်း၊ ကျွမ်းကျင်သောနည်းပြများ၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရရှိသော နည်းပြများ၊ ကျွမ်းကျင်သော လေ့ကျင့်သင်ကြားပေးနိုင်သော နည်းပြများ လိုအပ်ကြောင်း၊ နည်းပြများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရှာဖွေမွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၊ ခရိုင်/မြို့နယ်၊ ရပ်ကွက်များတွင်လည်း မြေနေရာ ရရှိပါက အားကစားကွင်းများ ဆောက်လုပ်ခြင်း၊ အားကစားပစ္စည်းများ လှူဒါန်းခြင်းများ ပြုလုပ်ခြင်းဖြင့် လူထုကျန်းမာစေရေး အတွက် စည်းရုံးဆောင်ရွက်သင့်ကြောင်း၊ Outdoor Fitness များကို လူအများ ကစားနိုင်သောနေရာများတွင် ပြောင်းလဲ တပ်ဆင်စေလိုကြောင်း၊ လေ့ကျင့်ရေးစင်တာတွင် ကွန်ပျူတာ၊ စာကြည့်တိုက်တွင် အားကစားနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်များထားရှိစေလိုကြောင်း၊ လေ့ကျင့်ရေးစင်တာ တစ်ခုထားရှိပြီး ကဏ္ဍအလိုက် သင်တန်းများ ဖွင့်လှစ် စီမံဆောင်ရွက်ပေးစေလိုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားခဲ့ပါတယ်။

၈ တန်း၊ ၉ တန်း၊ ၁၀ တန်း တွေအနေနဲ့ အားကစားသိပ္ပံများရဲ့ သင်ရိုးညွှန်းတမ်းများကို အောက်သက်ကျေရမှာ ဖြစ်ပြီး သင်ရိုးညွှန်းတမ်းတွင် ပုံများဖြင့်လည်း သင်ကြားသင့်တယ်လို့ ဒေါက်တာမြလေးစိန်က ပြောပါတယ်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။