အာရှ၏အကြီးဆုံးနှင့် ပညာပေးလှုပ်ရှားမှု ဓာတ်ပုံပွဲတော်ကျင်းပမည်

အာရှ၏အကြီးဆုံးနှင့် ပညာပေးလှုပ်ရှားမှု ဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၁ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါဓာတ်ပုံပွဲတော်မှာ ကမ္ဘာတစ်ဝှမ်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် လူမှုတရားမျှတမှုမှတ်တမ်းဓာတ်ပုံလက်ရာ (၂၀၀) ကျော်ကို စုစည်းပြသထားမယ်လို့ သိရပါတယ်။ Pascal Maître, Steve McCurry, Franck Seguin နဲ့ Fausto Podavini စတဲ့ နိုင်ငံတကာမှ အထင်ကရ ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေ၊ မြန်မာနိုင်ငံရဲ့ နာမည်ကျော်ဓာတ်ပုံဆရာတွေဖြစ်တဲ့ ခွန်လတ်၊ ခွန်လီနဲ့ ကိုမျိုးတို့ရဲ့ ဓာတ်ပုံတွေအပြင် YPF မှ ရုပ်ပုံဖြင့် ဇာတ်ကြောင်းပြောခြင်းသင်တန်းများ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားဒေသများရှိ တက်သစ်စဓာတ်ပုံပညာရှင်တွေရဲ့ လက်ရာများလည်း ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

အဆိုပါ (၁၂) ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်၊ Goethe Institut မှာ ဓာတ်ပုံ စာအုပ်ပြပွဲ၊ အခြားဓာတ်ပုံပြပွဲများ၊ ဂုဏ်ပြုပါတီများနဲ့ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ မဟာဗန္ဓုလပန်းခြံတွင် ဓာတ်ပုံရွာကို တည်ဆောက်ထားမှာဖြစ်ပြီး ထူးခြားပြောင်မြောက်လှတဲ့ မှတ်တမ်းတင်ဇာတ်လမ်းတိုများကို ဖန်သားပြင်ပိတ်ကားပေါ်မှာပြသခြင်း အစီအစဉ်၊ World Press Photo အပါအဝင် ဓာတ်ပုံပြပွဲများနဲ့ ဓာတ်ပုံစတူဒီယိုတစ်ခုလည်း ပါဝင်မှာဖြစ်တယ်လို့ပါတယ်။ ဒါ့အပြင် ယခုနှစ်ရဲ့ အကောင်းဆုံး ဓာတ်ပုံဇာတ်လမ်းဆုပြိုင်ပွဲအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာ ဒိုင်လူကြီးများက ဖေဖော်ဝါရီ ၂၃ ရက်၊ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ အကဲဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ