အာကာသမှတစ်ဆင့် နေရောင်ခြည်စွမ်းအင်ကို ရယူအသုံးချခြင်းနည်းလမ်း

အာကာသ အခြေပြုဆိုလာ စွမ်းအင် (Space-based solar power-SBSP) ဆိုသည်မှာ စုဆောင်းရရှိထားသော ဆိုလာစွမ်းအင်ကို အာကာသမှ ကမ္ဘာမြေဆီသို့ ပြန်လည် ပေးပို့ခြင်းအယူအဆတစ်ခုပင်ဖြစ်သည်။ ၎င်းအယူအဆ၏ အားသာချက်သည် ဆိုလာစွမ်းအင်ရရှိမှုနှုန်း မြင့်မားပြီး အချိန်ကြာမြင့်စွာ စုဆောင်းရရှိနိုင်ခြင်းပင် ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် နေမှတစ်ဆင့် ဝင်ရောက်လာသည့် ဆိုလာစွမ်းအင်ကို အပြည့်အဝစုဆောင်းနိုင်ခြင်းမရှိပေ။ ၅၅ မှ ၆၀
ရာခိုင်နှုန်းအထိသာ စုဆောင်းရရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရောင်ပြန်ခြင်းနှင့် စုပ်ယူလိုက်ခြင်းများကြောင့် ဖြစ်သည်။ အာကာသအခြေပြု ဆိုလာစွမ်းအင်စုဆောင်ခြင်းတွင် နေရောင်ခြည်ကို မိုက်ခရိုဝေ့ဖ်လှိုင်းအဖြစ် ပြောင်းလဲပြီးနောက် ကမ္ဘာမြေဆီသို့ ပြန်လည်ပေးပို့ ခြင်းနည်းလမ်းကို အသုံးပြုခြင်းဖြင့် ဆိုလာစွမ်းအင်ကို ရရှိနိုင်ရန် ဆောင်ရွက်နေကြခြင်းလည်း ဖြစ်ပေသည်။

အဆိုပါ နည်းလမ်းသည် အသစ်အဆန်းတစ်ခုတော့ မဟုတ်ပေ။ အာကာသမှ ဆိုလာစွမ်းအင် ရယူခြင်း နည်းလမ်းများကို ၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလများ ကတည်းကပင် သုတေသနပြုဆောင် ရွက်မှုများရှိနေခဲ့ပြီး ဖြစ်သည်။ စနစ်တွင် အာကာသမှ ကမ္ဘာမြေပြင်ပေါ်သို့ စွမ်းအင်ကို ပြန်လည်ထုတ်လွှတ်ရန်အတွက် စွမ်းအင်စုဆောင်းရယူပြီး ပြန်လွှတ်မည့် ဂြိုဟ်တုနှင့် ထုတ်လွှတ်လိုက်သည့် စွမ်းအင်လှိုင်းများကို ပြန်လည်ဖမ်းယူမည့် မြေပြင်အခြေစိုက်စခန်းတို့လိုအပ်ပေသည်။ SBSP စနစ်ကိုဂျပန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ အကောင်အထည်ဖော်လျက်ရှိပြီး ယခုအခါ အမေရိကန်တပ်မတော်မှလည်း ပါဝင်လာခဲ့ပြီဖြစ်သည်။ ၂၀၀၈ ခုနှစ်ကဂျပန် နိုင်ငံအနေဖြင့် ၎င်းတို့ နိုင်ငံ၏ အာကာသဥပဒေတွင် အာကာသ အခြေပြုဆိုလာစွမ်းအင်ကို နိုင်ငံ၏ရည်မှန်းချက်အဖြစ် သတ်မှတ်ထားခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ China Academy for Space Technology-CAST အနေဖြင့် International Space Development Conference တွင် SBSP နှင့်ပတ်သက်သော လမ်းပြမြေပုံကို ထုတ်ဖော်ပြသခဲ့ပါသည်။

အာကာသ အခြေပြုဆိုလာ စွမ်းအင်ရယူခြင်းနှင့် ပတ်သက်၍ ကောင်းကျိုးများကို လေ့လာကြည့်မည်ဆိုလျှင် အာကာသတွင် ဆိုလာစွမ်းအင်ကို အမြဲတမ်းရရှိနိုင်သည့် အားသာချက်ရှိပေသည်။ ကမ္ဘာမြေပြင်တွင် ဆိုလာစွမ်းအင်ကို ရယူခြင်း၌ တိမ်ထူခြင်း၊ ဖုန်ထခြင်းကဲ့သို့ ရာသီဥတုဆိုင်ရာ ကန့်သတ်ချက်များ မရှိသည့်အတွက် ဆိုလာစွမ်းအင်ကို အပြည့်အဝစုဆောင်း နိုင်မည်ဖြစ်သည်။ ကမ္ဘာမြေပြင် ထက်နှိုင်းယှဉ်လျှင် ၁၄၄ ရာခိုင်နှုန်းအထိ အများဆုံးစုဆောင်း ရရှိနိုင်မည် ဖြစ်သည်။ ဂြိုဟ်တုများအနေဖြင့် ဆိုလာစွမ်းအင်ကို ၉၉ ရာခိုင်နှုန်းရယူနိုင်မည် ဖြစ်သော်လည်း ကမ္ဘာမြေရှိဆိုလာပြားများသည် တစ်နေ့လျှင် ဆိုလာစွမ်းအင်ကို ၂၉ ရာခိုင်နှုန်းသာ ရရှိနိုင်မည် ဖြစ်သည်။ အာကာသမှ စွမ်းအင်ကို လိုချင်သည့် နေရာကို စွမ်းအင်အား လျင်မြန်စွာဖြင့် တိုက်ရိုက်ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ အပင်နှင့်တိရစ္ဆာန်များ၏ နှောင့်ယှက်ခြင်း အန္တရာယ်မှ ကင်းဝေးစေနိုင် မည်ဖြစ်သည်။

အာကာသအခြေစိုက် ဆိုလာစွမ်းအင် ရယူခြင်း အားနည်းချက်များမှာမူ အာကာသအတွင်း ဂြိုဟ်တုလွှတ်တင်ရန်အတွက် ကုန်ကျစရိတ်များပြားခြင်း၊ တသတ်မတ်တည်း စွမ်းအင်ထုတ် လွှင့်ခြင်းအတွက် ချိန်ရွယ်ပို့လွှတ်နိုင်ရန် စွမ်းဆောင်နိုင်မှုမရှိသေးခြင်းနှင့် အန်တင်နာအရွယ်အစား ကန့်သတ်ချက်ရှိနေခြင်း၊ ကမ္ဘာမြေရှိ ဆိုလာပြားများ၏ တည်ဆောက်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုသည် ရိုးစင်းသော်လည်း အာကာသရှိဆိုလာပြားများ ပြုပြင်ထိန်းသိမ်းရန်အတွက် အဝေးထိန်း စက်ရုပ်စနစ်နည်းပညာများ လိုအပ်ခြင်း၊ ဆိုလာပြားများ၏ ခံနိုင်ရည် အဆင့်အတန်းသည် အာကာသ ပတ်ဝန်းကျင်တွင် ကမ္ဘာမြေပြင်ထက် ၈ ဆ လျှော့ကျနိုင်ခြင်း၊ အာကာသ အမှိုက်များနှင့် ပတ်သက်၍ SBSP စနစ်အနေဖြင့် ကန့်သတ်ချက်ရှိနေ ခြင်း၊ SBSP စနစ်ကို အသုံးပြုမည်ဆိုလျှင် အခြားသော ဂြိုဟ်တုများနှင့် ကင်းဝေးနေရန် လိုအပ်ခြင်း၊ ကမ္ဘာမြေပြင်တွင် ကြီးမားသည့် စွမ်းအင်လက်ခံမှုစနစ် လိုအပ်ခြင်း၊ ဖိုတွန်မှ အီလက်ထရွန်သို့ ပြောင်းလဲသည့်ဖြစ်စဉ်ကြောင့် စွမ်းအင်ကုန်ဆုံးမှုရှိနိုင်ခြင်း အစရှိသည့် ကန့်သတ်ချက်များရှိနိုင်ပါသည်။

အာကာသမှ နေရောင်ခြည် စွမ်းအင်ရယူခြင်းတွင် အပိုင်း ၃ ပိုင်း ပါ၀င်မည်ဖြစ်ပြီး ပထမ တစ်ပိုင်းမှာ စွမ်းအင်ကိုရယူခြင်း၊ ကမ္ဘာမြေပြင်သို့ ပြန်လည်ပို့ ဆောင်ခြင်းနှင့် ကမ္ဘာမြေပြင်မှ ဖမ်းယူခြင်းအပိုင်းတို့ ဖြစ်သည်။ SBSP စနစ်တွင် အာကာသမှ စွမ်းအင်ကို ရယူခြင်း၌ အခက်အခဲမရှိနိုင်သော်လည်း ကမ္ဘာမြေသို့ ပြန်လည်ထုတ်လွှင့်သည့်အခါတွင် လေဆာစွမ်းအင်၊ သို့မဟုတ် မိုက်ခရိုဝေ့ဖ်လှိုင်း အစရှိသည်တို့ကို အသုံးပြုရမည် ဖြစ်သည်။ ကမ္ဘာမြေမှ ပြန်လည်ဖမ်းယူခြင်းအပိုင်းတွင်မူ မိုက်ခရိုဝေ့ဖ်အန်တင်နာသည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မည် ဖြစ်သော်လည်း ကုန်ကျစရိတ်နှင့် ရှုပ်ထွေးမှုရှိပေသည်။ သို့သော် မိုက်ခရိုဝေ့ဖ် စွမ်းအင်ထုတ်လွှင့်မှုသည် မည်သည့် SPS အတွက်မဆို လုံခြုံစိတ်ချရသည့် စွမ်းအင်ထုတ်လွှင့်မှုစနစ် ဖြစ်ပါသည်။

အာကာသမှ နေရောင်ခြည် စွမ်းအင်ကိုရယူခြင်းနှင့် ပတ်သက်၍ GEO ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုမှတစ်ဆင့် စွမ်းအင်ကို စုစည်းရယူခြင်း နည်းလမ်းတစ်ခုတည်း ရှိသည်မဟုတ်ပေ။ တွေးခေါ်စဉ်းစားမှု နည်းလမ်းများအရ လကမ္ဘာမျက်နှာင်ပြင်တွင် အခြေ စိုက်စခန်း တည်ဆောက်ခြင်းဖြင့် လည်းကောင်း၊ MEO ပတ်လမ်း၊ Highly Elliptical ပတ်လမ်း၊ Sun-Sync LEO ပတ်လမ်း၊ Equatorial LEO ပတ်လမ်း အစ ရှိသည်တို့မှလည်း စွမ်းအင်စုဆောင်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်ဟု ယူဆထားကြပါသည်။ စွမ်းအင်စုဆောင်းခြင်း နည်းလမ်းနှင့်ပတ်သက်၍မူ Solar Thermal စနစ်၊ Solar Pumped Laser စနစ်၊ Fusion Decay စနစ်၊ Solar Wind Loop စနစ်နှင့် Direct Mirriors စနစ် အစရှိသည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရန် အသီးသီးကြံဆထားရှိကြပေသည်။

အာကာသ အခြေပြုဆိုလာ စွမ်းအင်ထုတ်ယူခြင်းနှင့် ပတ်သက်၍ အရပ်ဘက်တွင် စိတ်ဝင်စားမှု နည်းပါးနေသော်လည်း စစ်ဘက်ဆိုင်ရာတွင်မူ အသုံးချနိုင်ရန် အထူးအလေးထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။ မေရိကန် လေတပ်သုတေသနဌာနအနေဖြင့် စွမ်းဆောင်ရည်မြင့်မားသည့် ဆိုလာဆဲလ်များကို အသုံးပြုကာ ဆိုလာစွမ်းအင်ကို အာကာသမှ တစ်ဆင့် ကမ္ဘာမြေသို့ ရေဒီယို ကြိမ်နှုန်းလှိုင်းအဖြစ် ပြောင်းလဲပေးပို့နိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိနေပြီဖြစ်သည်။ စွမ်းအင်သည် အမေရိကန် ပြည်ထောင်စုနှင့် ကာကွယ်ရေး ဝန်ကြီးဌာနအတွက် မဟာဗျူဟာအရ အားနည်းချက် တစ်ခုဖြစ်နိုင်သည့်အတွက် အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနအနေ ဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်စေရန် တည်မြဲနေမည့် စွမ်းအင်တစ်ခုကို ရရှိနေရန် လိုအပ်သည်ဟု ဆောင်ရွက်နေ သူများက ပြောကြားထားပါသည်။ နှောင့်ယှက်မှုမရှိနိုင်သော၊ သေချာစေသော၊ လျင်မြနစွာအသုံး ပြုနိုင်သော စွမ်းအင်ကို ရှေ့တန်း အခြေစိုက်စခန်းများတွင် ထောက်ပံ့ပေးမည်ဆိုပါက အမေရိကန် တပ်မတော်နှင့် ၎င်း၏ မဟာမိတ်တပ်ဖွဲ့များအတွက် အကျိုးရှိစေမည်ဖြစ်သည်။

ယခုစီမံကိန်းကို Space Solar Incremental Demonstration & Research (SSPIDR) စီမံကိန်းဟု အမည်ပေးထားပြီး စွမ်းအင်ကို လိုအပ်သည့်နေရာသို့ လှိုင်းနှုန်းထုတ်လွှင့်ခြင်းဖြင့် တိကျစွာ ပေးပို့နိုင်ရန် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ အမေရိကန် လေတပ်သုတေသီများအနေဖြင့် ထိုစနစ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် အဓိကကျသော နည်းပညာအချို့ကို တီထွင်ခြင်းနှင့် စမ်းသပ်မှုပြု လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် အာကာသမှ စွမ်းအင်ရယူနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာတွင် Northrop Grumman ကုမ္ပဏီကလည်း အမေရိကန်ဒေါ်လာသန်း ၁၀၀ ပါဝင်ရင်းနှီးမြုပ်နှံလျက် စမ်းသပ်လေ့လာမှုများ ပြုလုပ်လျက်ရှိကြပေသည်။

အာကာသမှ နေရောင်ခြည် စွမ်းအင်ကိုရယူပြီး ကမ္ဘာမြေသို့ ပြန်လည်ထုတ်လွှတ်ခြင်းဖြင့် စွမ်းအင်ရယူခြင်း နည်းလမ်းသည် မည်မျှကန့်သတ်ချက်များပင် ရှိနေစေကာမူ လက်တွေ့ ဆောင်ရွက်နိုင်ရန်အတွက် ယခင် အချိန်များထက် ပိုမိုနီးစပ်လာခဲ့ပြီဖြစ်သည်ဟု ဆိုရပေမည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် NASA ကလည်း ၂၀၁၇ ခုနှစ်တွင် သုတေသနလုပ်ငန်း ၅ ခုကို ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ ယနေ့အချိန်အခါတွင် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချရန်၊ ရုပ်ကြွင်းလောင်စာရရှိမှု မတည်ငြိမ်ခြင်းတို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်များကို ထုတ်ယူအသုံးပြုလျက် ရှိသည် ဖြစ်ရာ နေရောင်ခြည်စွမ်းအင်သည် အမြောက်အမြား ရရှိနိုင်သည့် စွမ်းအင်အရင်းအမြစ် တစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့သော အာကာသအခြေစိုက် စွမ်းအင်ထုတ်ယူခြင်း နည်းလမ်းများကို ရှာဖွေလာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

-ကျော်လင်း (အမိမြေ)