အသေးစားလုပ်ငန်းတွေကို ကူညီပေးမယ့် Shops ကို Facebook နဲ့ Instagram ဖြန့်ချိ

လုပ်ငန်းတွေရဲ့ Facebook Page ဒါမှမဟုတ် Instagram profile ကနေ ကုန်ပစ္စည်းတွေ ကြည့်ရှု၊ ဝယ်ယူနိုင်ဖို့ Shops ကိုဖြန့်ချိလိုက်ပါတယ်။

Facebook နဲ့ Instagram တို့က e-Commerce ကဏ္ဍမှာ အထိုက်အလျောက် ပါဝင်ပြီးသားပါ။ Facebook မှာဆိုရင် Marketplace ရှိသလို Libra cryptocurrency အစီအစဉ်ကိုလည်း စတင်ထားပါတယ်။ Instagram မှာတော့ post နဲ့ ကြော်ငြာတွေမှာ ကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ထောက်ပံ့ထားပါတယ်။ အခု Shops ဆိုတဲ့ tool အသစ်ကတော့ လုပ်ငန်းတွေက Facebook ဈေးဆိုင်တစ်ခု အသွင်ပြောင်းပေးနိုင်တယ်။

ကပ်ရောဂါကာလအတွင်း စားသုံးသူတွေက Facebook နဲ့ Instagram profile တွေကို ဒေသတွင်း စားသောက်ဆိုင်နဲ့ စတိုးဆိုင် အချက်အလက်ရရှိတဲ့ ရင်းမြစ်အဖြစ် သဘောထားလာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးတွေ ကျဆင်းခဲ့ပါတယ်။ အဲဒီလိုပဲ အသေးစားလုပ်ငန်းတွေလည်း အထိနာသလို အကြီးအကျယ်ပျက်စီးခဲ့ပါတယ်။ Facebook ပေါ်မှာ ကြော်ငြာပြီး post တင်နေတဲ့ အသေးစားလုပ်ငန်းများစွာ ထွက်ပေါ်လာပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ ကပ်ရောဂါအတွင်း လုပ်ငန်းတွေ ရှင်သန်နိုင်ဖို့ အထောက်ပံ့ပေးလာတာ ဖြစ်ပါတယ်။

Facebook Live session ကဏ္ဍမှာတော့ စီအီးအို မာ့ခ်ဇူကာဘတ်က COVID-19 အတွင်း ရုန်းကန်နေရတဲ့ လုပ်ငန်းတွေအကြောင်းပြောခဲ့သလို စီးပွားရေး အထိနာမှု မပြီးပြတ်သေးဘူးလို့ ပြောခဲ့ပါတယ်။

အခု Shops ကလည်း ကပ်ရောဂါပြီးတဲ့နောက် ဆက်လက်အသုံးဝင်မယ်လို့ ဇူကာဘတ်ကပြောခဲ့တယ်။ “ကျွန်တော်တို့ ဘဝကို အွန်လိုင်းပေါ်မှာ ဆက်လက်နေထိုင်ပြီး အွန်လိုင်းပေါ်မှာပဲ ဆက်လက်အလုပ်လုပ်ကိုင်မယ်လို့ပဲ ထင်ပါတယ်”

စိုးထက်
Ref: TechCrunch