အသစ်ထွက် iOS 14.3 မှာ Fitness+, AirPods Max ထောက်ပံ့မှုပါဝင်

Apple ဟာ iOS 14.3 ကို ဖြန့်ချိလိုက်ပါတယ်။ အဲဒီ iOS 14.3 မှာတော့ Fitness+, AirPods Max, App Store privacy label နဲ့ လုပ်ဆောင်ချက်များစွာ ပါဝင်လာပါတယ်။

Apple Watch ထောက်ပံ့မှုပါဝင်တဲ့ Fitness+ ဝန်ဆောင်မှုကတော့ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ အိုင်ယာလန်၊ နယူဇီးလန်နဲ့ ယူကေမှာ ထွက်လာပါတယ်။ ဒါပေမဲ့ Apple One လစဉ်ကြေး အသုံးပြုတဲ့အခါ တစ်လ ၁၀ ဒေါ်လာ ကျသင့်ပါမယ်။

ပြီးခဲ့တဲ့ပတ်က ဒေါ်လာ ၅၄၉ တန် AirPods Max ကိုမိတ်ဆက်ခဲ့ပါတယ်။ AirPods Max မှာတော့ ဆူညံသံဖျက်ပေးမယ့် လုပ်ဆောင်ချက် ပါဝင်ပြီး iOS ထုတ်ကုန်တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

အခုဆိုရင် App Store မှာ app တစ်ခုချင်းစီ တစ်ကိုယ်ရေ အချက်အလက် လုံခြုံရေး လုပ်ဆောင်ချက်တွေကို ဖော်ပြထားပါတယ်။ Apple ဟာ app အသစ် ဒါမှမဟုတ် update တစ်ခုမှာ တစ်ကိုယ်ရေ အချက်အလက် ဘယ်လို ကိုင်တွယ်လဲ ဆိုတဲ့ အချက်အလက်ကို တင်သွင်းခိုင်းပါတယ်။ ဒါ့အပြင် iOS ဓာတ်ပုံ လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ iPhone 12 Pro နဲ့ Pro Max သုံးစွဲသူတွေက Apple ProRAW format နဲ့ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။

Photos ထဲမှာလည်း တည်းဖြတ်နိုင်ပါပြီ။ သုံးစွဲသူက တစ်စက္ကန့် ၂၅ ဖရိန်ထိ ဗီဒီယိုရိုက်ကူးခွင့်ပြုထားပါတယ်။ Selfie ကင်မရာအတွက် mirror လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။

Apple ဟာ TV app ထဲမှာ Apple TV+ tab ကိုလည်း ထည့်သွင်ထားပါတယ်။ Health app မှာလည်း ကိုယ်ဝန်ရှိ၊ မရှိ သိနိုင်ဖို့ ရာသီစက်ဝန်းအပြင် သန္ဓေတားဖို့ ဒါမှမဟုတ် မိခင်နို့ရည်လိုက်၊ မလိုက် ခြေရာခံမှုလည်း ပါဝင်လာပါတယ်။ iOS 14.3 မှာ MMS message ပို့မရတဲ့ ပြဿနာနဲ့ MagSafe Duo charger က ဖုန်းကို အားအပြည့်မသွင်းတာကိုလည်း ပြင်ဆင်ထားပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««