အသက် ၁၇နှစ်အရွယ် တည်ထောင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ဝက်ဘ်ဆိုက် လူသန်းပေါင်းများစွာ ကြည့်ရှု

ဆီယက်တယ်မှာ နေထိုင်တဲ့ ဂျူးလူမျိုး ဆယ်ကျော်သက်တစ်ဦးက COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနှုန်း အချက်အလက်တွေ စုစည်းပေးထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အသက် ၁၇နှစ် ကောင်လေးတည်ထောင်ထားတဲ့ ncov2019.live ဝက်ဘ်ဆိုက်ကို ဒီဇင်ဘာလနှောင်ပိုင်းမှာ ဖြန့်ချိခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ၁၂သန်းအထိ ရှိလာပါတယ်။

ကွန်ပျူတာပိုင်းကျွမ်းကျင်တဲ့ အသက် ၁၇ နှစ်အရွယ် အာဗီရှစ်ဗ်မန်းဟာ အချိန်တော်တော်များများ အသုံးပြုပြီး ဝက်ဘ်ဆိုက်တိုးတက်အောင် ပြုလုပ်နေသလို အချက်အလက်တွေကိုလည်း အစဉ်အမြဲ update လုပ်နေပါတယ်။ ဝက်ဘ်ဆိုက်က ကမ္ဘာတစ်ဝန်းက အားထားရတဲ့ရင်းမြစ်များစွာကနေ အချက်အလက်တွေ ရယူနေပါတယ်။ မူလက ဝက်ဘ်ဆိုက်ဟာ ၁၀မိနစ်တစ်ခါ update လုပ်ပေးပါတယ်။ အခုဆိုရင်တော့ အတည်ပြုနိုင်တဲ့ ရောဂါရှင်၊ ပြင်းထန်တဲ့ရောဂါရှင်၊ သေဆုံးမှုနဲ့ ရောဂါပြန်သက်လာသူ အရေအတွက်ကို မိနစ်နဲ့အမျှ update လုပ်ပေးနေပါတယ်။ ဝက်ဘ်ဆိုက်က ကမ္ဘာတစ်ဝန်းနဲ့ နိုင်ငံတစ်ခုချင်းစီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွကိုလည်း အချိန်နဲ့တစ်ပြေးညီပြသပေးပါတယ်။ ဝက်ဘ်ဆိုက်မှာ Google map, Twitter feed, ခရီးသွားအကြံပေးမှု၊ ရောဂါဖြစ်ပွားမှုနဲ့ ကာကွယ်မှုအချက်အလက်အပြင် ရောဂါဖြစ်ပွားသူတွေကို သီးသန့်ခွဲထုတ်ထားတဲ့ အခြေအနေအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်တွေလည်း ပါဝင်ပါတယ်။

“ဒီစီမံကိန်းကို ခရစ္စမတ်ကာလမှာ စလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် တရုတ်ပြည်မကြီးမှာ ရောဂါကူးစက်ခံရတဲ့သူ ၁,၀၀၀ ကျော်ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အချိန် ရှင်းလင်းပြီး ကျစ်လျစ်၊ တိကျတဲ့ အချက်အလက်တွေ ရဖို့က ခက်ခဲခဲ့တယ်။ ကျွန်တော်က အဲဒီအရာကို ပြင်ဆင်ချင်တာလေ” လို့ အာဗီရှစ်ဗ်မန်းကပြောခဲ့ပါတယ်။

အာဗီရှစ်ဗ်မန်းဟာ coding စီမံကိန်းအမျိုးမျိုးကို လုပ်ကိုင်နေသူပါတယ်။ တစ်ချိန်တည်းမှာပဲ အဓိကကျတဲ့ လုပ်ငန်းကို ဆောင်ရွက်ဖို့ အာရုံစိုက်ပါတယ်။ သူ့က web scraping နည်းပညာကို သင်ကြားထားတာကြောင့် စီမံကိန်းအမျိုးမျိုးကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

“အခုကိစ္စက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကိစ္စကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ရပ်ပဲလေ။ အစိုးရတွေအားလုံး သဘောအကောင်းဆုံးနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့အချိန် ပိုမိုလိုအပ်တယ်။ အချက်အလက်တွေက ရဖို့ခက်ခဲတယ်” လို့သူကပြောပါတယ်။

ရှစ်ဖ်မန်းရဲ့ ဝက်ဘ်ဆိုက်ဟာ တရားဝင်အစိုးရ ကျန်းမာရေအဖွဲ့အစည်းတွေ (ဒေသတွင်း၊ နိုင်ငံတော်အဆင့်နဲ့ နိုင်ငံတကာ) နဲ့ ယုံကြည်ရတဲ့သတင်းဌာနတွေက အပါအဝင် ရင်းမြစ်အမျိုးမျိုးကနေ အချက်အလက်တွေ ရယူထားတယ်။ သတင်းတွေကို စိစစ်ဖို့ အွန်လိုင်းသတင်းအသိုက်အဝန်းကို သူအားထားရပါတယ်။ ဒါ့အပြင် သူက အချက်အလက်တွေ တိကျမှန်ကန်ဖို့ crosscheck လုပ်ဖို့ ဝက်ဘ်ဆိုက်မှာ code ထည့်ထားပါတယ်။

“အရာအားလုံးက အလိုအလျောက်တွေပါပဲ။ ကျွန်တော်အနေနဲ့ manual ထည့်ဖို့ မလိုဘူးလေ။ ကျွန်တော်အိပ်နေချိန်မှာ ဝက်ဘ်ဆိုက် scraper က run နေရုံပါပဲ” လို့သူကရှင်းပြခဲ့ပါတယ်။

ncov2019.live ဝက်ဘ်ဆိုက်မှာ ဒေသတွင်းကိန်းဂဏန်း ပျက်ယွင်းမှု၊ သမိုင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ COVID-19 နဲ့နှိုင်းယှဉ်တဲ့ ဂရပ်ဖ်တွေ၊ ကာကွယ်ဆေးအခြေအနေနဲ့ ဝက်ဘ်ဆိုက်ကို ဘာသာ ၃၀ အထိ ပြသပေးနိုင်အောင် ပြုလုပ်ထားပါတယ်။

“ကျွန်တော်က တစ်ရက်ကို message ၁,၀၀၀ ရတယ်ဗျ။ တစ်ချို့လူတွေက ဝက်ဘ်ဆိုက်အတွက် ကျေးဇူးတင်ကြပါတယ်။ တစ်ချို့ကတော့ မီဒီယာက အင်တာဗျူးဖို့ ကျွန်တော်ကို ဆက်သွယ်တယ်။ အများစုကတော့ PhD ရယူထားသူတွေလေ။ သူတို့က ကျွန်တော်ဝက်ဘ်ဆိုက်မှာ ထည့်သွင်းမယ့်အချက်အလက်ကို အကြံပေးကြပါတယ်” အာဗီရှစ်ဗ်မန်းကပြောပါတယ်။

ဝက်ဘ်ဆိုက်ရဲ့ အင်္ဂလိပ်ပိုင်းကို နိုင်ငံတိုင်းက လူပေါင်းများစွာ လာရောက်လည်ပတ်ကြပြီး အမေရိကန်နိုင်ငံထက်ဝက်ခန့်ကလည်း ဝက်ဘ်ဆိုက်ကို လာရောက်ကြပါတယ်။ ရှစ်ဖ်မန်းနဲ့ ဝက်ဘ်ဆိုက်ဟာ မီဒီယာတွေအထိ လူသိများလာပြီးနောက်မှာတော့ လာရောက်လည်ပတ်သူအရေအတွက်က အလွန်များလာပါတယ်။ တစ်လတည်းမှာတင် လူတစ်သန်းလာရောက်လည်ပတ်ကြပြီး ၂၄ နာရီအတွင်း လူပေါင်း ၃.၂သန်း ဝက်ဘ်ဆိုက်ကို လေ့လာခဲ့ကြပါတယ်။

အာဗီရှစ်ဖ်မန်းအနေနဲ့ အထက်တန်းကျောင်းကို ၁နှစ် ဒါမှမဟုတ် ၂နှစ်ခန့် ရပ်နားပြီး ကမ္ဘာတစ်ဝန်း ခရီးထွက်ကာ hackathon တွေမှာပါဝင်ဖို့ စီစဉ်ထားပါတယ်။ သူ့အနေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်း ဖြစ်ဖို့ ရည်မှန်းထားပါတယ်။ သူ့အနေနဲ့ ငွေကြေးထက် ဖန်တီးမှုအားကောင်းချင်သလို အပြောင်းအလဲပြုလုပ်ဖို့ ထက်သန်ပါတယ်။

“ကျွန်တော်မှာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ပိုမိုကောင်းတဲ့အရာတွေလုပ်ဖို့ ကျွမ်းကျင်မှုတွေရှိချင်ပါတယ်။ လူတစ်ယောက်ယောက်ကို အတုခိုးရတာ စိတ်မဝင်စားပါဘူး။ ကျွန်တော်ဟာ နောက်ထပ် အာဗီရှစ်ဖ်မန်းပဲ ဖြစ်ချင်တယ်” လို့အခိုင်အမာပြောခဲ့ပါတယ်။

စိုးထက်

Ref: TimesofIsrael