အသက် ၁၃ နှစ်အောက် ကလေးများနှင့် အမြွှာများတွင် Face ID အသုံးမပြုသင့်ကြောင်း Apple ပြောကြား

Face ID ဟာ Touch ID ထက် ပိုမိုလုံခြုံမှုရှိတယ်လို့ Apple က iPhone X keynote မှာ ပြောကြားခဲ့ပေမယ့် အဲ့ဒီ authentication နည်းလမ်းကို အမြွှာတွေနဲ့ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေမှာ အသုံးမပြုဖို့ Apple က ထုတ်ပြန်ထားပါတယ်။

Apple က Face ID security document မှာ ဖော်ပြထားတဲ့ ဒီအကြောင်းအရာကို Guardian က ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အမြွှာတွေနဲ့ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ ထင်ရှားတဲ့ မျက်နှာအသွင်အပြင်က တိုးတက်ပြောင်းလဲမှု အပြည့်အဝမရှိတာကြောင့် လွဲမှားမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အဲ့ဒီ document မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အဆိုပါအားနည်းချက်တွေကို စိုးရိမ်သူများအနေနဲ့ passcode ကို ပြောင်းလဲအသုံးပြုသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

ဒေါ်လာ ၁,၀၀၀ တန် iPhone ကို ကိုင်တွယ်မယ့် အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ များများစားစား မရှိနိုင်ပေမယ့် အမြွှာတွေနဲ့ မျက်နှာပေါက်ဆင်တူတဲ့ ညီအစ်ကိုမောင်နှမတွေမှာ Face ID ကြောင့် ခက်ခဲရှုပ်ထွေးတဲ့ အရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ Apple ကတော့ Face ID ကိုသုံးပြီး အခြားသူတစ်ယောက်က ဖုန်းကို unlock လုပ်တဲ့အခါ အကြိမ် ၁ သန်းမှာ ၁ ကြိမ်သာ unlock ဖြစ်စေနိုင်ပြီး ဒီနည်းလမ်းက ယခင် fingerprint sensor ထက် အဆ ၂၀ ပိုမိုလုံခြုံတယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် တစ်စုံတစ်ယောက်က စနစ်ကို လှည့်ဖြားဖို့ကြိုးစားတဲ့အခါ သိရှိဖို့အတွက် machine learning algorithm တွေကို အသုံးပြုထားတာကြောင့် encrypted software သစ်က အလွန်လုံခြုံမှုရှိတယ်လို့ Apple က ဆိုပါတယ်။

“Face ID ကို ဦးထုပ်တွေ၊ လည်စည်းတွေ၊ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေနဲ့ နေကာမျက်မှန်တွေနဲ့ အလုပ်လုပ်နိုင်ဖို့ ဖန်တီးထားပါတယ်။ ဒါ့အပြင် indoor တွေနဲ့ outdoor တွေအပြင် မှောင်မိုက်နေတဲ့နေရာမျိုးတွေမှာလည်း အလုပ်လုပ်နိုင်အောင် ဖန်တီးထားပါတယ်။ Neural network ကလည်း ဖုန်းကို ဓာတ်ပုံတွေ၊ မျက်နှာဖုံးတွေနဲ့ unlock လုပ်ဖို့ကြိုးပမ်းရာမှာ ကာကွယ်ပေးနိုင်ပါတယ်” လို့ Apple က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း Face ID နဲ့ပတ်သက်ပြီး သုံးစွဲသူတွေက ကိုယ်ရေးလုံခြုံမှုအတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ Apple ကတော့ infrared dots ၃၀,၀၀၀ သုံးပြီး ဖန်တီးထားတဲ့ မျက်နှာပေါ်က အချက်အလက်တွေကို encrypt လုပ်ထားကြောင်းနဲ့ အဲ့ဒီအချက်အလက်တွေက device ထဲမှာသာရှိပြီး Apple ထံ ပေးပို့ခြင်းမရှိကြောင်း ပြောကြားထားပါတယ်။

Face ID နဲ့ ပတ်သက်တဲ့ လုံခြုံရေးလမ်းညွှန်ချက်အပြည့်အစုံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

-နောင်နောင်
Ref: DailyDot