အလွန်တိကျပြီး စွမ်းအင်သုံးစွဲမှု သက်သာသော GPS ချစ်ပ်များကို ၂၀၁၈ စမတ်ဖုန်းများတွင် တွေ့မြင်ရမည်

Broadcom က ထုတ်လုပ်မယ့် GPS ချစ်ပ်တွေဟာ တည်နေရာပြသတဲ့နေရာမှာ အလွန်တိကျပြီး ဘက်ထရီသုံးစွဲမှုကို ၅၀ ရာခိုင်နှုန်း သက်သာစေပါမယ်။ အဲဒီ GPS ချစ်ပ်တွေကို အနာဂတ်စမတ်ဖုန်းတွေမှာ ထည့်သွင်းလိုက်မယ်ဆိုရင် Google Maps, Waze လိုမျိုး ဝန်ဆောင်မှုတွေ အသုံးပြုတဲ့အခါ တည်နေရာပြသမှု အလွန်တိကျမှန်ကန်ပြီး ဘက်ထရီကုန်ခန်းမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီချစ်ပ်အသစ်ကို လူသုံးကုန်ပစ္စည်းတွေအတွက် အမြောက်အမြားထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ IEEE Spectrum ကဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်မှာထွက်ရှိမယ့် စမတ်ဖုန်းတွေမှာ နောက်ဆုံးပေါ်အဆင့်မြင့် GPS နည်းပညာ ပါဝင်လာနိုင်ပါတယ်။

အဲဒီ GPS နည်းပညာသစ်ကြောင့် turn-by-turn လမ်းညွှန်မှု feature တွေ ပိုတိကျလာပါမယ်။ စမတ်ဖုန်းတွေမှာပါဝင်နေတဲ့ လက်ရှိ GPS ချစ်ပ်တွေဟာ သုံးစွဲသူ တကယ့်တည်နေရာရဲ့ ၅ မီတာအတွင်းပဲ ခြေရာခံပေးနိုင်ပြီး Broadcom ရဲ့နောက်ဆုံးပေါ် GPS ချစ်ပ် (BCM47755) ကတော့ စင်တီမီတာ ၃၀ အတွင်း ခြေရာခံပေးနိုင်ပါတယ်။ နောက်ဆုံးပေါ်ချစ်ပ်ဟာ တိကျမှု မြင့်မားသလို အဆောက်အဦအမြင့်ကြီးနဲ့ အခြားအဆောက်အဦများစွာရှိတဲ့ မြို့တွေနဲ့ အခြားမြို့တွင်းတည်နေရာတွေမှာ ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။

BCM47755 ချစ်ပ်မှာ 28-nanometer ဒီဇိုင်းအသုံးပြုထားတာကြောင့် လက်ရှိ GPS ချစ်ပ်တွေထက် စွမ်းအင်သုံးပြုမှု ၅၀ ရာခိုင်နှုန်း သက်သာတယ်လို့ သိရပါတယ်။

စိုးထက်
Ref: AndroidCentral