အလုပ်သမားရေးရာ ဗဟုသုတများနှင့် အလေ့အကျင့်ကောင်းများ မျှဝေပေးရန် ရည်ရွယ်၍ Online e-campus ကို စတင်မိတ်ဆက်

ကပ်ရောဂါကာလအတွင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ အလုပ်သမားရေးရာ ဗဟုသုတတွေနဲ့ အလေ့အကျင့်ကောင်းများကို ပညာပေးရန် ၊ မျှဝေရန် ရည်ရွယ်ပြီး Online e-campus ကို ဇန်နဝါရီ ၂၇ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ မိတ်ဆက်ခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲကို ILO-ITC Myanmar ကတာဝန်ယူကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အလုပ်သမားရေးရာ ဗဟုသုတများနှင့် အလေ့အကျင့်ကောင်းများကို ပညာပေးရန် ၊ မျှဝေရန် ရည်ရွယ်ချက်တို့ဖြင့် သက်ဆိုင်သူအားလုံး ပါဝင်လေ့လာနိုင်သည့် Online Platform တစ်ခု စတင်နိုင်ခြင်းဟာ အကျိုးရှိသည့် ဆောင်ရွက်နိုင်မှုဖြစ်ကြောင်း၊ ယခု Online e-campus ကို လူမှုရေးဆွေးနွေးပွဲများ၊ အပြည်ပြည်ဆိုင်ရာစံနှုန်းများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများအတွက် အရင်းအမြစ် အကန့်အသတ်ဖြင့်သာ စတင်ဆောင်ရွက်ထားပြီး နောက်ထပ် သင်တန်းများနှင့် သတင်းအချက်အလက်များ ထပ်မံ ဖြည့်စွက်ဆောင်ရွက်ပေးမည်ဟု သိရှိရသည့်အတွက် အထူးဝမ်းမြောက်ကြောင်း၊ ယခု Platform ဟာ အလုပ်သမားအရေးကိစ္စများအပေါ် အသိပညာနှင့်ကျွမ်းကျင်မှုများ ဆက်လက်တည်ဆောက်ရန် နှင့် ညှိနှိုင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်ဆောင်ရွက်နိုင်ရန် အတွက် အရေးပါသည့် အခွင့်အလမ်းတစ်ခု ဖြစ်စေပြီး ၂၀၁၄ ခုနှစ် မှစတင်ခဲ့သည့် National Tripartite Dialogue Forum-NTDF ပြီးပါက ယခု online platform ဟာ အစိုးရ ၊ အလုပ်ရှင် ၊ အလုပ်သမားများအတွက် ဗဟုသုတမျှဝေရာ ဗဟိုကျသော ဆုံမှတ်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ILO-ITC မှကျွမ်းကျင်ပညာရှင်များ၊ ဂျပန်နိုင်ငံကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ILO (ရန်ကုန်) ရုံးမှ ILO ဆက်ဆံရေးအရာရှိ Mr.Donglin Li နဲ့ Project Manager များ၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««