အလယ်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အထက်တန်းအဆင့်ကျောင်းများကဲ့သို့ အချက် ၈၀ ပါ ဆန်းစစ်အကဲဖြတ်လွှာဖြင့် စစ်ဆေးမည်

ကိုဗစ် – ၁၉ ကပ်ရောဂါကာလအတွင်း အထက်တန်းအဆင့်ကျောင်းများ အားလုံးဖွင့်လှစ်ပြီး နောက်ထပ် ရက်သတ္တပတ် သုံးပတ်အကြာမှသာ အလယ်တန်းအဆင့်ကျောင်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်ကာ အထက်တန်းအဆင့်ကျောင်းတွေကို အချက် ၈၀ ပါ ဆန်းစစ် အကဲဖြတ်လွှာနဲ့ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ် – ၁၉ ကပ်ရောဂါ ကာလအတွင်း အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကိုဗစ် – ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ အချက် ၈၀ ပါဝင်သော ဆန်းစစ်ချက်များဖြင့် အထက်တန်းအဆင့်ကျောင်းများအား စစ်ဆေးအကဲဖြတ်လျက်ရှိကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၇၁၇၃ ကျောင်းအနက် ၇၁၁၁ ကျောင်းအား စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး ယနေ့အထိ လိုအပ်ချက်များ ပြည့်စုံမှုရှိသော A အဆင့် ၄၁၅၆ ကျောင်း ပြန်လည် ဖွင့်လှစ်ရန် ခွင့်ပြုပေးလျက်ရှိကြောင်း၊ လိုအပ်ချက်များပြည့်စုံပြီး A အဆင့်ရရှိပြီးသော ကျောင်းများအား အမြန်ဆုံး ဆက်လက်ဖွင့်လှစ်ခွင့်ရရှိနိုင်ရေ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားခဲ့ပါတယ်။

အချက် ၈၀ ပါ ဆန်းစစ်အကဲဖြတ်လွှာနဲ့ စစ်ဆေးရန်အလွန်ခက်ခဲသော ဒေသများရှိ ကျောင်းစာရင်းပါရှိပါကလည်း ခက်ခဲမှုအခြေအနေနဲ့ အတူ အမြန်ဆုံးတင်ပြရန် လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ ကိုဗစ် – ၁၉ ကပ်ရောဂါကာလ အတွင်း အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၁ ရက် က ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ မှာ Video Conferencing နဲ့ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနဲ့တာဝန်ရှိသူတို့က ပညာရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါတယ်။

-သန္တာ