အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အီလက်ထရောနစ်အားကစားနည်း ၂ မျိုး၌ မြန်မာကိုယ်စားပြုအသင်း နှစ်သင်း ပါဝင်မည်

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ 30th SEA Games အတွင်း မြန်မာ ကိုယ်စားပြု အီလက်ထရောနစ်အားကစားအသင်း ၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အီလက်ထရောနစ်အားကစားပြိုင်ပွဲမှာ မြန်မာအသင်းအနေဖြင့် Dota 2 နဲ့ Mobile Legends ဂိမ်း နှစ်မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Dota 2 ပြိုင်ပွဲအတွက် ပြည်တွင်းမှ ကျွမ်းကျင်ကစားသမားတွေ ဖြစ်ကြတဲ့ မြင့်မြတ်ဇော်(Insane)၊ ရဲထိုက်(Kenji)၊ ခန့်နိုင်(Leo)၊ ကောင်းဇော်သူ(RapRap) နဲ့ အောင်မြတ်စိုး(Show T) တို့က မြန်မာကိုယ်စားပြုအနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။

“ဆီးဂိမ်းမှာ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တာဝန်ကြီးသလို နိုင်ငံအတွက် ဂုဏ်တက်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ Myanmar National Dota 2 အသင်းခေါင်းဆောင်ဖြစ်သူ ဉီးရဲထိုက်က ပြောကြားခဲ့ပါတယ်။

“လာမယ့် SEA Games မှာ ပထမဦးဆုံးအနေနဲ့ Esports အားကစားနည်းဟာ ပါလာပါတယ်၊ ဒါဟာ Esports အားကစားအတွက် အလွန်ကြီးမားလာပြီး အကောင်းဘက်ကိုဦးတည်လာတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာပါပြီ”လို့ မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) က ဒုဥက္ကဋ္ဌဖြစ်သူ ဉီးကောင်းထက်စံက ပြောကြားခဲ့ပါတယ်။

-အောင်သက်ကို