အရှေ့တောင်အာရှ သာမက ကမ္ဘာ့အဆင့်မီ သက်မွေးပညာသင်ကျောင်းများ ပေါ်ပေါက်လာရန် အထူးလိုအပ် ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

အရှေ့တောင်အာရှ သာမက ကမ္ဘာ့အဆင့်မီ သက်မွေးပညာသင်ကျောင်းများ ပေါ်ပေါက်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အထူးလိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားမှာပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

GTI ပညာရေး (၁၂၅) နှစ်ပြည့်က စပြီး အင်းစိန်ဂျီတီအိုင် သာမက နိုင်ငံတစ်ဝန်းလုံးရှိ အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်ပေးလျက်ရှိနေတဲ့ ဂျီတီအိုင်များရဲ့ အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးဆောင်ရွက်ရမှာ ဖြစ်သလို ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်တန်းများပေးအပ်နိုင်ရေး အတွက်လည်း ကျောင်းသစ်များကို စနစ်တကျ တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့အတွက် မဟာစီမံကိန်းများ စနစ်တကျ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်တွင် အင်းစိန် GTI ကို ပညာရေးဝန်ကြီးဌာနက ပြန်လည် လွှဲပြောင်းယူခဲ့ပြီး နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာသင်တန်းများ၊ သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်အတွက် ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ်မှ စတင်၍ AGTI (၃) နှစ် ဒီပလိုမာသင်တန်းများကို ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် AGTI (၃) နှစ် ဒီပလိုမာသင်တန်း ၆ မျိုးကို ဖွင့်လှစ်နိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများနှင့် အဆင့်မြင့်ပညာရေးသို့ ချိတ်ဆက်နိုင်တဲ့ အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««