အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များထုတ်ပြန်မှုအခမ်းအနား ကျင်းပ

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်းကျင်းပတဲ့ အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ၊ Southeast Asia Primary Learning Metrics (SEA-PLM) 2019 Results ထုတ်ပြန်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (SEA-PLM) သည် ဒေသတွင်း ကျယ်ပြန့်သော လေ့လာမှုစစ်တမ်း တစ်ခု ဖြစ်ပြီး စစ်တမ်းကောက်ယူသည့် ကမ္ဘော ဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများ အနက် မြန်မာနိုင်ငံသည် ကျောင်းများတွင် အချက်အလက်စစ်တမ်း ကောက်ယူသော ဒေသတွင်းပထမ ဆုံးနိုင်ငံဖြစ်ကြောင်း၊
SEA-PLM သည် မြန်မာနိုင်ငံတွင် ကောက်ယူသော စစ်ဆေးအကဲဖြတ်မှု နှစ်ခုဖြစ်သည့် ရှေးဦးအရွယ် စာဖတ် စွမ်းရည်စစ်ဆေးအကဲဖြတ်မှု (Early Grade Reading Assessment – EGRA) နှင့် ရှေးဦးအရွယ် သင်္ချာ စွမ်းရည်စစ်ဆေးအကဲဖြတ်မှု (Early Grade Mathematics Assessement – EGMA) တို့အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ SEA-PLM ၏ မျှော်မှန်းချက်မှာ ဒေသတွင်း ကလေးအားလုံးအတွက် ပိုမိုမျှတ၍ အဓိပ္ပာယ်ပြည့်ဝသည့် ပညာရေးဆီသို့ဦးတည်သော လေ့လာ သင်ယူမှုရလဒ်ကောင်းများ ပုံဖော်ရေး တွင် ပူးပေါင်းပါဝင်ရန် ဖြစ်သည့် အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်-၄ ၏ အညွှန်းကိန်း ၄.၁ နှင့် ၄.၇ တို့ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် KG+12 ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံး လျက်ရှိရာတွင် SEA-PLM ၏ ရလဒ် များသည် မူလတန်း Grade-5 ပြီးဆုံး သော ကလေးငယ်များ၏ သင်ယူ တတ်မြောက်မှု အရည်အသွေးကို ထင်ဟပ်ပေးနိုင်သဖြင့် သင်ရိုးညွှန်း တမ်းရေးဆွဲရာတွင် အထောက်အကူ ပြုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံသာလျှင် စစ်တမ်းကောက်ယူသော ခြောက်နိုင်ငံအနက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံး ဖတ် စာအုပ်တစ်စုံနှုန်း ထောက်ပံ့ပေး ခြင်း၊ ကျောင်းသား သုံးပုံတစ်ပုံရဲ့သင်္ချာ တတ်မြောက်မှုစွမ်းရည်မှာ ပျမ်းမျှ အထက်၌ရှိခြင်း၊ ကျောင်းသား လေးပုံ တစ်ပုံ၏ စာဖတ်စွမ်းရည်မှာ ပျမ်းမျှ အထက်၌ရှိခြင်း၊ ကျောင်းသား ငါးပုံ တစ်ပုံ၏ အရေးစွမ်းရည်မှာလည်း ပျမ်းမျှအထက်၌ရှိခြင်းတို့ကို စစ်တမ်းများမှ တွေ့ရှိရကြောင်း သိရပါတယ်။
အခမ်းအနားကို အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံ တို့မှ ပညာရေးဝန်ကြီးများက မိန့်ခွန်း ပြောကြားခဲ့ကြပြီး မူဝါဒများ၊ အလေ့ အကျင့်များနှင့် သုတေသနတို့နဲ့ စပ်လျဉ်း၍ SEA-PLM (၂၀၁၉) ရလဒ် များအပေါ် အကြံပြုချက်များကို ဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««