အရည်အသွေးရှိသောပညာရေးအတွက် အခြေခံပညာသည် အခမဲ့ဖြစ်သင့်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

အရည်အသွေးရှိသောပညာရေးအတွက် အခြေခံပညာသည် အခမဲ့ဖြစ်သင့်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အဆင့်မြင့်ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

အရည်အသွေးရှိသောပညာရေးအတွက် အခြေခံပညာသည် အခမဲ့ ဖြစ်သင့်ပါကြောင်း၊ မူလတန်းပြီးမြောက်သောကလေးတိုင်း ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်ရမည် ဖြစ်ပြီး အလယ်တန်း၊ အထက်တန်း ပညာရေးအဆင့်သို့ဖြစ်စေ၊ အဆင့်တူ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများသို့ဖြစ်စေ ကူးပြောင်း တက်ရောက်နိုင်စေရမည် ဖြစ်ကြောင်း၊ လူတိုင်းသည် လုပ်ငန်းခွင်မဝင်မီ သက်ဆိုင်ရာ နည်းပညာနှင့် သက်မွေးစွမ်းရည်များ ရရှိအောင် သင်ယူလေ့ကျင့်ပြီး ဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းခွင်အရည်အသွေးများ ပိုမိုတိုးတက်စေရန် ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းများကို အသုံးချရင်း တက္ကသိုလ်ပညာရေးကိုလည်း ဆက်လက်သင်ယူနိုင်ခွင့်ရှိရမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍသည်လည်း မိမိတို့၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေးကဏ္ဍများ နှင့်ချိတ်ဆက်လျက် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၊ ကျောင်းနှင့် စက်ရုံ ပူးပေါင်း ဆောင်ရွက်မှုများကို အားပေးသွားသင့်ကြောင်းနဲ့ သိပ္ပံပွဲခင်းများ၊ နည်းပညာပြပွဲများနှင့် အလုပ်အကိုင်ပြပွဲများကျင်းပပေးခြင်းဖြင့် လူငယ်များအတွက် မိမိတို့၏ အသိအမြင်ဗဟုသုတ များကိုဖလှယ်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေခွင့်ရရှိစေပြီး မိမိတတ်ကျွမ်းသော ပညာရပ်၊ အရည်အသွေးနှင့် စွမ်းရည်တို့ကို လုပ်ငန်းခွင်နှင့်ချိတ်ဆက်နိုင်ခွင့်များကို ဖန်တီးပေးကြရမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အဆင့်မြင့်ညီလာခံ (ASEAN High-Level Ministerial Conference on Human Resource Development) ကို စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ အွန်လိုင်းကနေတစ်ဆင့် ကျင်းပခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««