အရည်အသွေးရှိသောပညာရေးနှင့် အဆင့်မြင့်သော စွမ်းရည်များကသာ အလုပ်အကိုင်ကောင်းများရရှိရေး အတွက် အာမခံနိုင်မည်ဖြစ်

အရည်အသွေးရှိသောပညာရေးနှင့် အဆင့်မြင့်သော စွမ်းရည်များကသာ အလုပ်အကိုင်ကောင်းများ ရရှိရေး အတွက် အာမခံနိုင်မှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိူသားပညာရေးမဟာဗျူဟာစီမံကိန်း ပုဂ္ဂလိကပညာရေးကဏ္ဍ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အရည်အသွေးမြင့်မားသော ပညာရေးကို အမျိုးသားပညာအရည်အချင်း မူဘောင်သတ်မှတ်ချက်နှင့်အညီ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင်အကောင်အထည်ဖော်ကာ အဆင့်မြင့်ကျွမ်းကျင်မှုများ ရရှိလာအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အရည်အသွေးရှိသော ပညာရေးနှင့် အဆင့်မြင့်သော စွမ်းရည်များကသာ အလုပ်အကိုင်ကောင်းများ ရရှိရေးအတွက် အာမခံနိုင်မည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ကျောင်းများ၏ သင်ကြားသင်ယူမှုတွင် သီအိုရီပိုင်း၊ လက်တွေ့ပိုင်းနှင့် လုပ်ငန်းခွင် အတွေ့အကြုံရရှိရေးတို့ကို ချိတ်ဆက်ထည့်သွင်းပေးစေလိုကြောင်း၊ အရည်အသွေးရှိသော ပညာရေးအတွက် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနည်းတူ ပုဂ္ဂလိကကျောင်းများမှ ဆရာ၊ ဆရာမများအားလည်း သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိကကျောင်းများသို့ တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများ အခြေခံပညာကျောင်းများ သို့မဟုတ် နိုင်ငံတကာ ကျောင်းများသို့ လွယ်ကူစွာ ပေါင်းကူးတက်ရောက်နိုင်ရေးအတွက် Credit Transfer စနစ် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားလာရေး အတွက် ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံကြောင်း ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရာတွင် ကမ္ဘာ့လူသားကောင်းစိတ်ဓာတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှု နှင့် ဆန်းသစ်တီထွင်မှုကို ဦးတည်လျက် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ)၊ စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု( EQ) နှင့် ၂၁ ရာစု အရည်အသွေးများ ပြည့်ဝမှုအတွက် ထည့်သွင်း ပုံဖော်သွားမှာဖြစ်ပြီး အဆင့်မြင့်နည်းပညာများ အသုံးပြုကာ သင်ကြားသင်ယူနိုင်ရန် အတွက် ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပုဂ္ဂလိကပညာရေးကဏ္ဍ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၉ နာရီခွဲက အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနဲ့ ပုဂ္ဂလိကပညာရေးကဏ္ဍနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««