အမြင်အာရုံအားနည်းသူအတွက် ဓာတ်ပုံအသေးစိတ်ဖော်ပြချက် ထုတ်ပေးမယ့် AI ကို Facebook အဆင့်မြှင့်တင်

Facebook ဟာ Automatic Alt Text (AAT) စနစ်ကို အဆင့်မြှင့်တင်လိုက်ပါတယ်။ အခု အဆင့်မြှင့်တင်မှုကတော့ အမြင်အာရုံအားနည်းသူတွေအတွက် ဓာတ်ပုံထဲက အသေးစိတ်ဖော်ပြချက်ကို အလိုအလျောက် ထုတ်ပေးမှာ ဖြစ်ပါတယ်။

AI အခြေခံစနစ်ကတော့ Facebook နဲ့ Instagram ပေါ်မှာ ဝေမျှထားတဲ့ ဓာတ်ပုံထဲက အရာဝတ္ထုများစွာနဲ့ ရှုခင်း ဆယ်ဆ မှတ်မိနိုင်ပြီး Apple ရဲ့ VoiceOver လိုမျိုး အသေးစိတ်ဖော်ပြချက် ရေးထုတ်ပေးနိုင်ပါတယ်။

Facebook ထုတ်ပြန်ချက်အရ အခု AI နည်းပညာမှာ ဓာတ်ပုံအတွင်းထဲက လုပ်ဆောင်ချက်တွေ၊ အထင်ကရအဆောက်အအုံ၊ တိရစ္ဆာန်အမျိုးအစားနဲ့ အခြား အသေးစိတ်အချက်အလက်တွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။

မျက်မမြင်သူတွေနဲ့ အမြင်အာရုံအားနည်းသူတွေ အနေနဲ့ လူမှုကွန်ရက်ပေါ်မှာ ဝေမျှထားတဲ့ ဓာတ်ပုံတွေအကြောင်း အလွယ်တကူ နားလည်နိုင်အောင် ပြုလုပ်ပေးပါမယ်။

AAT စနစ်ကတော့ Facebook ရဲ့ News Feed, Profiles နဲ့ Groups မှာပါဝင်လာပါမယ်။ Instagram ရဲ့ Feed, Explore နဲ့ Profile ထဲက ဓာတ်ပုံအတွက်လည်း အသေးစိတ်ဖော်ပြချက်တွေ ထုတ်လုပ်ပေးပါမယ်။ အခု လုပ်ဆောင်ချက်အတွက် ဘာသာစကား ၄၅ မျိုး ထောက်ပံ့ထားပါတယ်။အခုဓာတ်ပုံအသေးစိတ်ဖော်ပြချက် feature ကတော့ iOS မှာ VoiceOver ကတစ်ဆင့် အသုံးပြုနိုင်ပါမယ်။ Android မှာတော့ ဓာတ်ပုံကို ဖိနှိပ်ထားရင် ဖော်ပြချက်တွေ မြင်နိုင်ပါမယ်။ အခု update တွေကိုတော့ သုံးစွဲသူတွေဆီ ဖြန့်ချိပေးနေပါပြီ။

-စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««