အမြင်အာရုံအားနည်းတဲ့သူတွေအတွက် AI အထောက်အပံ့ပါ စမတ် app သစ်ကို Honor မိတ်ဆက်

ဒီနှစ်မှာ ပြုလုပ်တဲ့ IFA ပြိုင်ပွဲမှာ Honor 20 Pro အရောင်သစ်ထုတ်ကို မိတ်ဆက်ခဲ့သလို Honor Band 5 အပြင် အမြင်အာရုံချို့တဲ့သူတွေ စာသားတွေဖတ်နိုင်အောင် အကူအညီပေးမယ့် စမတ် app သစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

အဲဒီ app အမည်က PocketVision ဖြစ်ပြီး Honor 20 စီးရီးစမတ်ဖုန်းတွေက အရည်အသွေးမြင့်ကင်မရာနဲ့ Honor ရဲ့ AI ထောက်ပံ့ထားပါတယ်။ အဲဒီ app က အမြင်အာရုံချို့တဲ့သူတွေ စာရွက်စာတမ်းနဲ့ အစားအသောက်စာရင်းနဲ့ စာသားမျိုးစုံဖတ်ရှုနိုင်အောင် ကူညီပေးနိုင်ပါတယ်။ အဲဒီ app ထဲမှာ text-to-Speech Mode, Zoom-In Mode နဲ့ Negative Image Mode စတဲ့ feature ၃ ခုပါဝင်လာပါတယ်။

ပထမတစ်ခုကတော့ သုံးစွဲသူက စာသားကို ထောက်လိုက်ရင် အသံထွက်ဖတ်ပေးမယ့် feature ဖြစ်ပါတယ်။ အဲဒီ feature မှာ အင်္ဂလိပ်၊ ပေါ်တူဂီ၊ စပိန်၊ တရုတ်၊ အီတလီနဲ့ ဂျာမန်ဘာသာစကားအတွက် ဓာတ်ပုံကနေ စာသားအဖြစ်ပြောင်းလဲပေးဖို့ HiAI platform နဲ့ Optical Character Recognition (OCR) ကို အသုံးပြုထားပါတယ်။

Zoom-In Mode ကတော့ Honor 20 ဖုန်းတွေက အဓိက ကင်မရာ 48MP နဲ့ 8MP telephoto lens ကိုအသုံးပြုထားပြီး စာသားတွေကို zoom ဆွဲကြည့်ရှုတဲ့အခါ ကြည်လင်အောင် ပြုလုပ်ထားပါတယ်။ Negative Image Mode ကတော့ စာသားရဲ့ ခြားနားချက်ကို တိုးတက်တက်အောင် ဓာတ်ပုံကို အဆင့်မြှင့်တင်ဖို့ အရောင် filter များစွာကို ထောက်ပံ့ပေးပါတယ်။

PocketVision ကို Huawei ရဲ့ AppGallery နဲ့ Honor စမတ်ဖုန်းအားလုံးမှာ install လုပ်ထားပါတယ်။ ဒါပေမဲ့ Honor 20 စီးရီးတွေမှာ အကောင်းဆုံးအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena