အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်က Video Conferencing စနစ်အသုံးပြုပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မည်သည့် ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေး၊ သင်ယူခွင့် မဆုံးရှုံးရေးတို့ကို အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူ လူငယ်များအားလုံး လူသားကောင်းများ ဖြစ်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်လာစေရန်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်သူများဖြစ်လာစေရန်၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသူများ ဖြစ်လာစေရန် စသည့် မျှော်မှန်းရလဒ်များဖြင့် ၂၁ ရာစု ပညာရေးအရည်အသွေးများ ပြည့်ဝစေရေး ဦးတည်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးခြင်း၊ ဆရာ ဆရာမနှင့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်ရန်ဆောင်ရွက်ပေးခြင်း၊ နည်းပညာနှင့်အခြေခံအဆောက်အအုံများ ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းသားဒေသများကို ပိုမို ဦးစားပေးဆောင်ရွက်ပေးခြင်းတို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် သင်ယူပြီးမြောက်မှုများ ပိုများလာသလို နည်းပညာနှင့်သက်မွေး သင်တန်းများ၊ တက္ကသိုလ်ပညာသင်ယူခွင့် ရရှိသူများလည်း ပိုမို တိုးတက်များပြားလာကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ် ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် ပညာရေးမှူးများ၊ ခရိုင် မြို့နယ်ပညာရေးမှူးများနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««