အမေရိကန်ဒေါ်လာ ငါးသောင်းကျော်ချီးမြှင့်မည့် Mobile Legends: Bang Bang Professional League Season 4 ကို မတ်လတွင်ကျင်းပမည်

Moonton မှ Mobile Legends: Bang Bang Professional League Myanmar Season 4 ကို ယခုလတွင် စတင်ကျင်းပမှာဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Mobile Legends: Bang Bang တီထွင်ဖန်တီးသူ Moonton, ပွဲစီစဉ်ဆောင်ရွက်သူ Game Cast Network Myanmar (GCN) နဲ့ အဓိက စပွန်ဆာတွေဖြစ်တဲ့ Telenor Myanmar နဲ့ OPPO Myanmar တို့မှ ပူးပေါင်းကျင်းပမယ့် MPL MM-S4 ရဲ့ လက်ရည်စစ်ပွဲ ပထမအဆင့်ကို မတ် ၂ ရက်နဲ့ ၃ ရက် အတွင်း ကျင်းပသွားမှာဖြစ်ပြီး ဒုတိယအဆင့်ကို မတ် ၅ ရက်မှ ၈ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Regular Season ကို မတ် ၂၈ ရက် မှ ဧပြီ ၂၆ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ပွဲစဉ်နောက်ဆုံးအဆင့် အနေနဲ့ Grand Finals ကို မေ ၁၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Season 3 ချန်ပီယံဖြစ်ခဲ့တဲ့ Team Burmese Ghouls, ဒုတိယဆု ရရှိခဲ့တဲ့ Team Cyanide, တတိယဆု ရရှိခဲ့တဲ့ Claw Esports, စတုတ္တဆု ရရှိခဲ့တဲ့ Team Yangon Galacticos တို့အနေနဲ့ MPL-MM Season 4 ကို တိုက်ရိုက်၀င်ခွင့်ရရှိမှာဖြစ်ပါတယ်။ ပဉ္စမဆုရရှိခဲ့တဲ့ Outworld Esports နဲ့ ဆဌမဆု ရရှိခဲ့တဲ့ Team Mega Myanmar တို့ဟာ လက်ရည်စစ်ပွဲစဉ် ဒုတိယအဆင့်ကို တိုက်ရိုက်၀င်ခွင့်ရရှိမှာဖြစ်ပါတယ်။

အဆိုပါ လိဂ်ပြိုင်ပွဲမှာ ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်သွားမှာဖြစ်ပြီး ချန်ပီယံဆုရရှိတဲ့ အသင်းအား အမေရိကန်ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ ၁၉၅ သိန်းခန့်) ၊ ဒုတိယနဲ့တတိယ ရရှိတဲ့ အသင်းများကို အမေရိကန်ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ ၈၅ သိန်းခန့်) နဲ့ အမေရိကန်ဒေါ်လာ ၃,၀၀၀ (မြန်မာကျပ်ငွေ ၄၅ သိန်းခန့်) အသီးသီးပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ငွေသားဆုကြေးအပြင် ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်း ၂ သင်းအနေနဲ့ Mobile Legends: Bang Bang ရဲ့ ၂၀၂၀ ခုနှစ် အရှေ့တောင်အာရှ ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ နိုင်ငံတကာ ပြိုင်ပွဲတစ်ခုဖြစ်ကာ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကေမ္ဘာဒီးယားနဲ့ လာအိုတို့မှ ထိပ်သီးအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ