အနီးတဝိုက် ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိ/မရှိ သတိပေးမယ့် app တရုတ်ဖြန့်ချိ

တရုတ်နိုင်ငံက ကရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူကို သိနိုင်မယ့် app တစ်ခုကို ဖြန့်ချိခဲ့ပါတယ်။

အခု app က ဗိုင်းရပ်စ်ရှိသူ ဒါမှမဟုတ် ဗိုင်းရပ်စ်ရှိကြောင်း သံသယရှိသူ အနီးတဝိုက်မှာ ရှိနေတာကို သုံးစွဲသူကို ပြောပြပေးမှာ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရတဲ့ သုံးစွဲသူဆိုရင် အိမ်ထဲမှာပဲ နေထိုင်ဖို့နဲ့ ဒေသတွင်း ကျန်းမာရေးအာဏာပိုင်တွေဆီ သတင်းပေးပို့ဖို့ အကြံပေးသွားမှာ ဖြစ်ပါတယ်။ အခုနည်းပညာက တရုတ်အစိုးရရဲ့ လူဦးရေအပေါ် အနီးကပ်စောင့်ကြည့်မှုကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အခု app ကိုအသုံးပြုမယ်ဆိုရင် Alipay လိုမျိုးငွေပေးချေဝန်ဆောင်မှု ဒါမှမဟုတ် WeChat လိုမျိုး app တွေအသုံးပြုပြီး စမတ်ဖုန်းပေါ်က QR code ကို scan လုပ်ရပါမယ်။ App အသစ်မှာ ဖုန်းနံပါတ်နဲ့ စာရင်းသွင်းပြီးတဲ့အခါ သုံးစွဲသူတွေက အမည်နဲ့ မှတ်ပုံတင်နံပါတ်ကို ထည့်သွင်းရပါမယ်။ App မှာစာရင်းသွင်းထားတဲ့ ဖုန်းနံပါတ်တိုင်းက မတူညီတဲ့ မှတ်ပုံတင်နံပါတ် ၃ခုအထိ ရှာဖွေနိုင်ပါမယ်။

အခု app ကို ကျန်းမာရေးနဲ့ ပို့ဆောင်ရေးအာဏာပိုင်က ထောက်ပံ့တဲ့ အချက်အလက်ကို သုံးစွဲပြီး အစိုးရဌာနတွေနဲ့ တရုတ်အီလက်ထရောနစ်နည်းပညာအဖွဲ့ကော်ပိုရေးရှင်းတို့က ပူးပေါင်းဖန်တီးခဲ့တယ်လို့ Xinhua ကဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရဟာ နိုင်ငံသားတွေအပေါ် စောင့်ကြည့်လေ့လာမှုပြုလုပ်နေတာ လူသိများပါတယ်။ ဒါပေမဲ့ နိုင်ငံအတွင်း အနီးကပ်စောင့်ကြည့်မှုကိစ္စဟာ အငြင်းပွားဖွယ်ရာပြဿနာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

စိုးထက်

Ref: BBC