အဆင့်မြှင့်တင်ထားသော Ooredoo ၏ 4G Pro ကွန်ရက်ကို ၂၀၁၈ တွင် အသုံးပြုနိုင်မည်

အဆင့်မြှင့်တင်ထားတဲ့ Ooredoo ရဲ့ 4G Pro ကွန်ရက်ကို ၂၀၁၈မှာ အသုံးပြုနိုင်မှာဖြစ်ပြီး သာမာန် 4G ထက် ၃ ဆပိုမို မြန်ဆန်မယ်လို့ သိရပါတယ်။

Ooredoo ဝန်ဆောင်မှု အသုံးပြုသူတွေအနေနဲ့ ဒေတာအသုံးပြုမှု အဓိကလိုအပ်သော အက်ပလီကေးရှင်းများ အသုံးပြုဖို့အတွက် ပိုမိုမြန်ဆန်လာတဲ့ မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်မှုနှင့်တကွ အဘက်ဘက်မှ ပိုမိုကောင်းမွန်သော ကွန်ရက်ချိတ်ဆက်မှု အနေအထားဖြင့် အင်တာနက်ကို နှစ်ခြိုက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်ပေါင်း ၂၀၀ခန့်ရှိ လူဦးရေ ၁၅ သန်းကျော်အနေနဲ့ Ooredoo ရဲ့ မြန်ဆန်တဲ့ 4G ကွန်ရက်ကို ၂၀၁၇ ခုနှစ်အကုန်မှာ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ အူရီဒူး 4G Pro ကွန်ရက်ဟာ ၅ဝဝ မီဂါဗိုက် (၅ဝဝ Mbps) အမြန်နှုန်းဖြင့် လက်ရှိ 4G ကွန်ရက်ကို အသုံးပြုပြီး မိုဘိုင်းမှတစ်ဆင့် အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Ooredoo Myanmar ရဲ့ CEO ဖြစ်သူ Mr. Vikram Sinha က “Ooredoo ရဲ့ ရည်မှန်းချက်ပန်းတိုင်က သုံးစွဲသူတွေအတွက် ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ အမြန်နှုန်းကို ဝန်ဆောင်မှုပေးပြီး သူတို့ရဲ့နေ့စဉ် ဒေတာအသုံးပြုမှုအတွေ့အကြုံကို ပြီးပြည့်စုံစေခြင်းဖြင့် Ooredoo သုံးစွဲသူတွေအားလုံး Ooredoo ရဲ့ အင်တာနက်စွမ်းအားကို ပိုမိုပျော်ရွှင်နှစ်ခြိုက်စွာ ရရှိခံစားစေလိုတာပဲ ဖြစ်ပါတယ်။ ကွန်ရက်အတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သုံးစွဲသူတွေအတွက် ယခင်က သဘောတရားအရသာ သိရှိခဲ့ရတဲ့ အမြင့်မားဆုံး အမြန်နှုန်းတွေကို နေ့စဉ်ဘဝမှာ အမှန်တကယ် အသုံးပြုခွင့်ရစေမှာဖြစ်သလို 5Gကွန်ရက် ပေါ်ထွက်လာဖို့အတွက် တစ်စတစ်စပြောင်းလဲ တိုးတက်လာမှာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အဆင့်မြင့် နည်းပညာအသုံးပြုထားတဲ့ 4G Pro ကို ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Nokia နှင့် ZTE နဲ့ Network ပိုင်းမှာပူးပေါင်းပြီးကာ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် နည်းပညာအဆင့်မြင့်ထားတဲ့ ကွန်ရက်ဟာ 4×4 MIMO နည်းပညာကို 256 QAM နည်းပညာနှင့် License Assisted Access (LAA) နည်းပညာတို့ဖြင့် စုစည်းပေါင်းစပ်ထားခြင်းကြောင့် ဖြစ်နိုင်ခြေရှိတဲ့ download နှုန်းဟာ ၅၀၀Mbps အထိ ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Ooredoo ရဲ့ သုံးသလောက်ပေး အင်တာနက် ဝန်ဆောင်မှုအတွက် 4G Pro ကို နေ့ရောညပါ အခြားအလျှို့ဝှက်နှုန်းထားများ ပါဝင်ခြင်းမရှိတဲ့ ၁ မီဂါဗိုက်ကို ၅ ကျပ်နဲ့ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း