အစ္စရေးသံရုံးမှ Mashav Grant ပေးအပ်

အစ္စရေးသံရုံးမှ မြန်မာနိုင်ငံရှိ အစောပိုင်းကာလ ဘာသာစကားနှင့်စာတတ်မြောက်ရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အတွက် Mashav Grant ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွက် MASHAV အစ္စရေး အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မှ မြန်မာနိုင်ငံရှိ MASHAV ကျောင်းသားဟောင်းအား ငွေကြေးဆိုင်ရာ ထောက်ပံ့မှုပေးအပ်လိုက်တာ ဖြစ်ပါတယ်။ MASHAV ရဲ့Grant အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ကို စီမံကိန်းဒါရိုက်တာ ဒေါ်ကေဆန်ရော ဦးဆောင်တဲ့ ပန်းပျိုးလက်ဖောင်ဒေးရှင်းကို ထောက်ပံ့ရန် ရည်ရွယ်တာဖြစ်ပြီး ဒေါကေဆန်ရောဟာ Mashav ရဲ့ ကျောင်းသားဟောင်းတစ်ယောက် ဖြစ်ပြီး အစ္စရေးနိုင်ငံ Haifa ရှိ MCTC မှာ Billingualism and Multilingualism in Early Childhood Education ဘာသာရပ် ၁၆ ပတ် သင်တန်းကို ၂၀၁၃ က တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ အစ္စရေး Haifa တက္ကသိုလ်မှ ကလေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ M.A ဘွဲ့ကို ပြီးမြောက်အောင်မြင်ခဲ့ပြီး Soul Bird လို့ခေါ်တဲ့ အစ္စရေးကလေးငယ်စာအုပ်ကို ဒေသခံဘာသာစကား ၅ ခုနဲ့ ဘာသာပြန်ဆိုရာမှာ ပါဝင်ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ရှေးဦးအရွယ်ကလေးသူငယ် အစောပိုင်းကာလ ဘာသာစကားနှင့်စာတတ်မြောက်မှုဖွံ့ဖြိုးရေး အတွက် မိဘနှင့်ပြုစုစောင့်ရှောက်သူများအား နည်းပညာပံ့ပိုးခြင်းအစီအစဉ်ဟာ တစ်နှစ်စီမံကိန်း ဖြစ်ပြီး ၂၀၂၀ ဒီဇင်ဘာ မှ ၂၀၂၁ ဒီဇင်ဘာလအထိ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ဟာ လုပ်ဆောင်ချက် ၄ ခုဖြစ်တဲ့ တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် စီမံကိန်းမိတ်ဆက်ဆွေးနွေးပွဲ (Prep Seminar with LCC Leaders)- ကလေးသူငယ်ဘဝအစောပိုင်းနှစ်များ ဘာသာစကားနှင့်စာတတ်မြောက်မှုဖွံ့ဖြိုးရေး အရေးကြီးမှုနှင့် စီမံကိန်းအစီအစဉ်များမိတ်ဆက်ပေးခြင်း၊ မိဘ ပညာပေးဦးဆောင်မှုများနှင့် မိခင်ဘာသာစကားသင် ဆရာ/ဆရာမများအား အွန်လိုင်းသင်တန်းပေးခြင်း၊ မိဘများအတွက် မိဘလမ်းညွှန်စာအုပ်ငယ်များ ပြုစုခြင်း၊ သင်တန်းသားများအား ကြီးကြပ်လမ်းညွှန်အကြံပြုခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အစီအစဉ်များ (စာ/ယဉ်အဖွဲ့ခေါင်းဆောင်များနှင့် သင်တန်းတက်ရောက်သူများ) တို့ကို အဓိကရည်ရွယ်တယ်လို့ သိရပါတယ်။

Mashav ဟာ ပဏာမ ခြေလှမ်းအနေနဲ့ Mashav လေ့ကျင့်ရေးသင်တန်းများ ပြီးမြောက်သင်ယူစေခြင်းဖြင့် အစဉ်မပြတ်လုပ်ကိုင်နေသော ဖွံ့ဖြိုးရေးစီမံကိန်းများကို ထောက်ပံ့ရန်ရည်ရွယ် ပြီး ၎င်းတို့ရဲ့ အကောင်းဆုံးအတွေ့အကြုံများကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီမံကိန်းရေးဆွဲရေးတွင် စွမ်းဆောင်ရည်မြှင့်တင်မှုကို အာရုံစိုက်စေခြင်းဖြင့် ပံ့ပိုးပေးရန်နှင့် အစိုးရများ၊ လူမှုအသိုင်းအဝိုင်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအား သူတို့၏ဘဝတိုးတက်စေရန် လုပ်ပိုင်ခွင့်ပေးရန် အတွက် အစ္စရေးလူမျိုးတို့ရဲ့ လေ့လာထားတဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံနဲ့ သက်ဆိုင်ရာ ကျွမ်းကျင်မှုများကိုမျှဝေပေးရန် အတွက် ရည်ရွယ်ချက်ထားကာ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
Mashav ရဲ့ ပရိုဂရမ်တွေဟာ အသင်းအဖွဲ့နဲ့ လူ့စွမ်းရည် တည်ဆောက်မှုဆိုင်ရာ ချဉ်းကပ်မှုကို အခြေခံကာ သင်တန်းပေးသူတွေကို လေ့ကျင့်ပေးခြင်းဖြစ်ပြီ ၎င်းပရိုဂရမ်များကို အစ္စရေးနိုင်ငံနဲ့ Grant လက်ခံတဲ့ နိုင်ငံတွေမှာ သင်ကြားပေးလျက်ရှိပါတယ်။ အစ္စရေးသံရုံးရဲ့ Mashav Grant ပေးအပ်ခြင်းအခမ်းအနားကို ပန်းပျိုးလက်ဖောင်ဒေးရှင်း နဲ့အတူ နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဘာသာစကား စာတတ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်များနှင့် စာနယ်ဇင်းများ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««