အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ကာတွေက ကိုရိုနာဗိုင်းရပ်စ်ကို လက်နက်အဖြစ် အသုံးချ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အကြောင်းပြုပြီး အွန်လိုင်းမှာ ကာကွယ်ဆေးနဲ့ ခိုးထားတဲ့ မျက်နှာဖုံးတွေ ရောင်းချတာကနေ phishing တိုက်ခိုက်မှုအမျိုးမျိုးလည်း ပေါ်လာပါတယ်။ အင်တာနက်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ လိမ်လည်မှုနဲ့ တိုက်ခိုက်မှုတွေလည်း တွေ့နေရပါတယ်။

အခုဆိုရင် Google လုံခြုံရေးသုတေသီတွေက ရှာဖွေတွေ့ရှိတာကို ဖော်ထုတ်လိုက်ပါတယ်။

Google ရဲ့ Threat Analysis Group (TAG) အဖွဲ့က ကုမ္ပဏီထုတ်ကုန်တွေမှာ ကြုံတွေ့ရတဲ့ COVID-19 တိုက်ခိုက်မှု အရေအတွက်အသေးစိတ်ကို ထုတ်ပြန်ခဲ့ပါတယ်။

ထူးခြားစွာနဲ့ပဲ ဖော်ထုတ်ထားတဲ့ တိုက်ခိုက်မှုတွေက အမေရိကန်အစိုးရဆိုင်ရာ လုပ်သားတွေနဲ့ ကျန်းမာရေးအေဂျင်စီတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး phishing အီးမေးလ်တွေက အိမ်ကနေ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားဦးတည်ကာ အလှူခံတဲ့ မေးလ်အတုတွေလည်း ပေါ်လာပါတယ်။

“ဟက်ကာတွေက အကျပ်အတည်းတွေကို အခွင့်အရေးအဖြစ် ရှုမြင်ကြပါတယ်။ COVID-19 ကိုလည်း အဲဒီအတိုင်းပဲ မြင်ကြပါတယ်” လို့ Google ရဲ့ Threat Analysis Group က Shane Huntley ကရေးသားခဲ့ပါတယ်။ “Google ထုတ်ကုန်တွေမှာ မသမာသူတွေက အလောတကြီးကိစ္စကို ဖန်တီးဖို့ COVID နဲ့ဆက်စပ်တဲ့ အရာတွေ အသုံးပြုပြီး phishing တိုက်ခိုက်မှုတွေနဲ့ scam တွေကို တုံ့ပြန်လာအောင် တွန်းအားပေးပါတယ်”

အဲဒီတိုက်ခိုက်မှုတွေကို ဟက်ကာတစ်ဦးတစ်ယောက်ထဲက လုပ်တာမဟုတ်ပါဘူး။ အစိုးရက ထောက်ပံ့ထားတဲ့ ဟက်ကာအဖွဲ့ဒါဇင်ပေါင်းများစွာက ပြုလုပ်တာ ဖြစ်တယ်လို့ google လုံခြုံရေးအဖွဲ့က ဖော်ပြထားပါတယ်။

စိုးထက်
Ref: Mashable

Twitter မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ဖတ်လို့ရတယ်နော်..