အစိုးရနည်းပညာနှင့် သက်မွေးပညာအထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျွမ်းကျင်မှု ပိုမိုရရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

အစိုးရနည်းပညာနှင့် သက်မွေးပညာအထက်တန်းကျောင်း (GTVHS) ရှိ ကျောင်းသား၊ ကျောင်းသူများ ကျွမ်းကျင်မှု ပိုမိုရရှိစေရန် ပညာသင်နှစ် (၂) နှစ်ဖြင့် အကောင်အထည်ဖော်နိုင်ရေး EU Budget Support အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ ကျွမ်းကျင်မှုကို ပိုမိုရရှိစေရန် Technical Stream နှင့် Vocational Stream ဟူ၍ Stream နှစ်ခုဖြင့် သင်ကြားနိုင်ရေးအတွက် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်မှစ၍ အစိုးရနည်းပညာနှင့် သက်မွေးပညာအထက်တန်းကျောင်း (GTVHS) များကို ပညာသင်နှစ် (၂) နှစ်ဖြင့် အကောင်အထည်ဖော်နိုင်ရေး EU Budget Support အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးဌာနအနေနဲ့လည်း အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၆ – ၂၀၂၁) အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံးရှိ လူငယ်လူရွယ်များကို နည်းပညာ၊ သက်မွေး ပညာများ တစ်နှစ်ထက်တစ်နှစ် ပိုမိုသင်ယူနိုင်သည့် အခွင့်အလမ်းများရရှိရေး ဆောင်ရွက်နေကြောင်း၊ သင်ကြားပို့ချပေးနေသည့် သင်တန်းများ အရည်အသွေးရှိစေရေး အထူးအလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းကို ပညာရေး၀န်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။

-ဝေဝေ