အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပ

အင်္ဂလိပ်စာအသုံးအနှုန်းများ မှန်ကန်စွာ သုံးစွဲနိုင်မှု တိုးတက်လာစေရန်အတွက် အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံ ပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲကို BFI Education Services မှဦးဆောင်ပြီး ဒေါက်တာနေအုပ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ စာလုံးပေါင်းသတ်ပုံ မှန်ကန်မှု တိုးတက်လာစေရန်နဲ့ အင်္ဂလိပ်စာဝေါဟာရ ပိုမိုကြွယ်ဝလာစေရန်အပြင် အင်္ဂလိပ်စာ အသုံးအနှုန်း မှန်ကန်စွာ သုံးစွဲနိုင်မှုများ တိုးတက်လာစေဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့သိရပါတယ်။ ပြိုင်ပွဲကို ပွဲစဥ်အဆင့် ၂ ပွဲဖြင့် သတ်မှတ်ခဲ့ပြီး ပထမအဆင့် ပွဲစဥ်သည် တိုင်းအဆင့် ပြိုင်ပွဲစဥ် ဖြစ်သလို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့တွင် နိုဝင်ဘာ (၂) ရက်က ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို နေပြည်တော်၌ ဒီဇင်ဘာလ (၁၄) ရက်တွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်၊

နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ တိုင်းအသီးသီးမှ အကြီးတန်း၊ အငယ်တန်း ဆုရရှိခဲ့သူတွေနဲ့ ဆန်ခါတင် အယောက် ၂၀ ပါ၀င်ယှဥ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး ၎င်းတို့အနက်မှ The Best Speller of 2019 ဆုကို ရွေးချယ်ချီးမြှင့် သွားမယ်လို့သိရပါတယ်။ အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲမှာ ရန်ကုန်ရှိ အစိုးရကျောင်း၊ အင်တာနေရှင်နယ် ကျောင်းများနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ၇၀၀ ကျော် မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၀၀ ကျော် ၀င် ရောက်ယှဥ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

-ဝေဝေ