အင်တာနက်မရရှိသော ကျေးလက်ဒေသများမှ ကျောင်းသားများအတွက် DHE Box နှင့် Data Stick များ ဖြည့်ဆည်းပေးရန် စီစဉ်

ပညာရေးဝန်ကြီးဌာနအနေနဲ့ အင်တာနက် မရရှိတဲ့ ဝေးလံခေါင်ဖျားဒေသများနဲ့ ကျေးလက်ဒေသများမှ တက္ကသိုလ်ကျောင်းသားများ အတွက် DHE Box နဲ့ Data Stick များဖြည့်ဆည်းပေးရန် စီစဉ်လျက်ရှိတယ်လို့ အာဆီယံဒေသတွင်းပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ-ယူနီဆက် ညီလာခံမှ သိရပါတယ်။

မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်းကိုအသုံးပြုပြီး တက္ကသိုလ်များအတွက် အွန်လိုင်းသင်ယူမှုကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး ပုံမှန် အဝေးသင်ပညာရေးစနစ် အပြင် အွန်လိုင်းမှ တစ်ဆင့် သင်ယူနိုင်မယ့် Myanmar National Open University ထူထောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာ ဆရာ ဆရာမများနှင့် တက္ကသိုလ် ဆရာ ဆရာမများ အတွက် သင်ယူမှု စီမံခန့်ခွဲရေးစနစ် (Learning Management System) နဲ့ ဒီဂျစ်တယ်သင်ကြားမှူနည်းစနစ် (Digital Teaching-Learning Methodology) များတိုးတက်ရေးကို အားပေးပြီး သင်တန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်ခန်းတွင်းသင်ယူမှု (Face-to-face Learning)၊ အွန်လိုင်းသင်ယူမှု (Online Learning) နဲ့ ပေါင်းစပ်သင်ယူမှု (Blended Learning) များမှ တစ်ဆင့် ဒေသတွင်း လုပ်သားစျေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် လူတိုင်းအတွက် ဘဝတစ်သက်တာ သင်ယူမှုအခွင့်အလမ်းများကို မြှင့်တင်ပေးလိုကြောင်း၊ ထို့ကြောင့် ပါမောက္ခချုပ်များ ကော်မတီသည် တက္ကသိုလ်နှင့် လုပ်ငန်းခွင် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး (University-Industry Partnership) အပါအဝင် တက္ကသိုလ်နှင့် ကောလိပ်အားလုံး လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း” ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

အာဆီယံဒေသတွင်းပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ-ယူနီဆက် ညီလာခံ (ASEAN-UNICEF Conference on Digital Transformation of the Education System throughout ASEAN) ကို အောက်တိုဘာ ၁၅ ရက်က Zoom Webinar စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ  ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««