အခြေခံပညာဦးစီးဌာန စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများအတွက် အင်တာနက်အသုံးပြုရန် မလိုအပ်သော DBE Box များတပ်ဆင်ပေးသွားရန် စီစဉ်

အခြေခံပညာဦးစီးဌာန စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများအတွက် အင်တာနက်အသုံးပြုရန် မလိုအပ်တဲ့ DBE Box များအားတပ်ဆင်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၄ ရက်ကပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရဲ့ DBE Box (K-12 Digital Teaching Resources) ရှေ့ပြေးစမ်းသပ်တပ်ဆင်မှု မိတ်ဆက်တဲ့အခမ်းအနားမှ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသားပညာရေးမဟာဗျူဟာ (၂၀၁၆-၂၁) ချမှတ်၍ မြန်မာနိုင်ငံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေသော်လည်း သင်ကြားရေး ဆရာ၊ ဆရာမ လိုအပ်ချက်၊ ပိုမိုကောင်းမွန်သောသင်ယူမှုဝန်းကျင်၊ သင်ထောက်ကူပစ္စည်းများပြည့်စုံမှုနှင့် ဆရာ၊ ဆရာမများ အတွက် စွမ်းဆောင်ရည်မြှင့်တင်မှု စသည်တို့တွင်လည်း တိုးတက်ကောင်းမွန်ရန် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အခက်အခဲနဲ့ စိန်ခေါ်မှုများအားဖြေရှင်းနိုင်ဖို့ အခြေခံပညာဦးစီးဌာန စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများ အတွက် KG, Grade 1, Grade 2, Grade 3 နဲ့ပတ်သက်တဲ့ စာအုပ်များ၊ သင်ခန်းစာများ၊ ဆရာကိုင်နှင့် အထွေထွေ သင်ကြားရေး အထောက်အကူပြုစာအုပ်များ၊ ပညာရေးဆိုင်ရာမူဝါဒ၊ ဥပဒေနှင့်ပြုပြင်ပြောင်းလဲဆောင်ရွက်မှု များအား အလွယ်တကူ လက်လှမ်းမီ လေ့လာနိုင်ရန်အတွက် အင်တာနက်(ဒေတာ) အသုံးပြုရန်မလိုအပ်တဲ့ DBE Box များအားတပ်ဆင်ပေးသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာတက္ကသိုလ်များနဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှ ရေးသားပြုစုထားတဲ့ Creative Commons License ရရှိထားတဲ့သင်ကြားသင်ယူမှု အထောက်အကူပြု သင်ထောက်ကူများကိုလည်း DBE Box များမှာ ထည့်သွင်းပေးထားကြောင်း သိရပါတယ်။ ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်များအနေနဲ့ နေပြည်တော်ရှိ ကျောင်းပေါင်း (၂၀)၊ ရန်ကုန်ရှိ ကျောင်းပေါင်း(၂၀)၊ မန္တလေးရှိ ကျောင်းပေါင်း(၂၀)၊ စုစုပေါင်း ကျောင်းပေါင်း (၆၀) တို့မှာ စတင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်မှုမရှိတဲ့၊ လမ်း ပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့ အခြေခံပညာမူလတန်း ကျောင်း သို့မဟုတ် မူလတန်းလွန်ကျောင်းများကို ရှေ့ပြေးစမ်းသပ်တပ်ဆင်သွားဖို့ရှိကြောင် ထပ်မံပြောကြားခဲ့ပါတယ်။

-ဝေဝေ