အခြေခံပညာအလယ်တန်းနှင့် အထက်တန်းများတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်းကဏ္ဍတို့အား သင်ရိုးညွှန်းတမ်းတွင်ပြဋ္ဌာန်းရန် စီစဉ်နေ

အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းတွေမှာ ဒီမိုကရေစီစနစ်နဲ့ လွှတ်တော်အခန်းကဏ္ဍတွေကို သင်ရိုးညွှန်းတမ်းမှာပြဋ္ဌာန်းဖို့ စီစဉ်နေတယ်လို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှ သိရပါတယ်။

အခြေခံပညာကဏ္ဍ၊ အခြေခံပညာသင်ရိုးညွှန်းတမ်း အညွှန်းဘောင်တွင်ပါဝင်သည့် အဓိက အခြေခံပညာရေးရည်မှန်းချက်များတွင် ပြည်သူ့နီတိနှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို လက်တွေ့ကျင့်သုံးတတ်ပြီး ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံ့သားကောင်းများ ဖြစ်စေရန် ဆိုသည့်အချက်ကို အဓိကထား ရည်မှန်းထားပါကြောင်း၊ ၎င်းရည်မှန်းချက်နှင့်အညီ ဒီမိုကရေစီစနစ်နှင့် စပ်လျဉ်းပြီး အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးသစ် ဆဋ္ဌမတန်း၊ စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်၏ အခန်း(၃) စည်းကမ်းနှင့်ဥပဒေအခန်းတွင် ထည့်သွင်းပြဋ္ဌာန်းသင်ကြားရန် စီစဉ်ပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

အဆိုပါသင်ခန်းစာတွေကို လေ့လာသင်ကြားခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ကျောင်းနှင့်လူမှုအဖွဲ့အစည်းတွေ အတွက် ဒီမိုကရေစီကျင့်စဉ်များကို လက်တွေ့လေ့ကျင့် သင်ယူနိုင်ပြီး နိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်သူတွေဖြစ်မယ်လို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

သင်ရိုးသစ် သတ္တမတန်းနှင့် အဋ္ဌမတန်း၊ နဝမတန်းတို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများအား တာဝန်ယူတတ်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ဒီမိုကရေစီ၏ အလေ့အကျင့်ဖြစ်သော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသားတစ်ဦး၏တာဝန်နှင့် သင့်လျော်သော ဒီမိုကရေစီအလေ့အကျင့်များကို လေ့ကျင့်လိုက်နာတတ်စေရန်၊ နိုင်ငံ့သားကောင်းဖြစ်စေရန် အထောက်အပံ့ပြုမည့် ဒီမိုကရေစီဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆန်းစစ်တတ်စေရန်နှင့် ဆန္ဒမဲပေးရွေးချယ်ရေးများ လက်တွေ့ပါဝင်စေခြင်းဖြင့် ဒီမိုကရေစီ၏လုပ်ငန်းစဉ်အဆင့်ဆင့်တွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်လာစေရန် သင်ခန်းစာများတွင် ထည့်သွင်းပြီးဖြစ်ပါကြောင်း၊ သင်ရိုးသစ် ဒဿမတန်း (Grade-10) စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ် အခန်း (၃) တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်သည့် စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများနှင့် လွှတ်တော်၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းသင်ကြားရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

သင်ရိုးညွှန်းတမ်းများ ထည့်သွင်းပြဋ္ဌာန်းသည့်အခါ ကော်မရှင်များနှင့် Stakeholder များ ဆွေးနွေးပြီးမှ အခြေခံပညာရေးမူဘောင် (Framework) ကို ရေးဆွဲပြီး ၎င်း သင်ရိုးညွှန်းတမ်းများ ပြုစုရာတွင် မူဘောင်အရသာ ဆောင်ရွက်မှာ ဖြစ်တယ်လို့သိရပါတယ်။

-သန္တာ