အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်ဆွေးနွေးခဲ့ပြီး ဇူလိုင်လပထမပတ်တွင် ကျောင်းများဖွင့်နိုင်ရန် စီစဉ်ရမည်ဟုဆို

အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ်နဲ့ ကျောင်းသား မိဘကိုယ်စားလှယ်တို့ တွေ့ဆုံ၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အပြန်အလှန် ဆွေးနွေးခြင်းကို မေ ၁၉ ရက်က Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ခြင်း ဆွေးနွေးမှုအရ အချိန်တစ်လကျော်အတွင်း ကြိုတင်ပြင်ဆင်မှုများ စဉ်းစားဆုံးဖြတ်ပြီး ဇူလိုင်လ ပထမပတ်တွင် ကျောင်းများဖွင့်နိုင်ရန် စီစဉ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးကစ မကူးပါ၊ လူကြီးတွေကသာ တစ်ဆင့်ကူးမှာ ဖြစ်တယ်၊ ဒါကြောင့် အသက်အရွယ်ကြီးတဲ့ အဘိုးအဘွား၊ ဦးလေး အဒေါ်တွေကို ကျောင်းပို့/ကြို မပြုရန် ညွှန်ကြားမှာဖြစ်ကြောင်း၊ social distancing ကို ကစားနည်းဖြင့်ပြုလုပ်ရန် ဆရာ၊ ဆရာမများ စဉ်းစားရမှာဖြစ်ကြောင်း၊ ကစားနည်းဖြင့် စည်းကမ်းကို ဘယ်လိုထိန်းမလဲ စဉ်းစားရမှာဖြစ်ကြောင်း၊ အထက်တန်းအဆင့်မှာ အရေအတွက်နည်းသဖြင့် အထက်တန်းအဆင့်များကို ဦးစွာဖွင့်လှစ်ရန် စဉ်းစားရမှာဖြစ်ကြောင်း၊ အိမ်သင်ဖို့အတွက် ဆရာ၊ ဆရာမများမှ စီစဉ်ပေးရမှာဖြစ်ကြောင်း၊ မိဘများသင်နိုင်၊ မသင်နိုင်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး school ferry စီးသူများ social distancing ကိုလိုက်နာရမှာဖြစ်သလို စီစဉ်လမ်းညွှန်ရမှာ ဖြစ်ကြောင်း၊ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုတာ စမ်းသပ်နည်းနဲ့ ကျောင်းများဖွင့်ရမှာဖြစ်ကြောင်းနဲ့ လက်တွေ့ကျကျ အကြံပြုစဉ်းစားရမှာဖြစ်ကြောင်းကို ပြောကြားထားပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေအနေနဲ့လည်း ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်ကိုသာ ဝင်ကြည့်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ပညာရေးသည် ရပ်ထားလို့မရကြောင်း၊ ကျောင်းနဲ့ကင်းကွာပါက ပညာသင်လိုစိတ် လျော့နည်းသွားကြောင်း၊ ကိုဗစ်ကို ရင်ဆိုင်တာဟာ ပညာရပ်တစ်ခုဖြစ်ကြောင်းနဲ့ ဇူလိုင်ပထမအပတ်တွင် ကျောင်းများဖွင့်နိုင်ရန် စီစဉ်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

-ဝေဝေ