အခြေခံပညာကျောင်းများကို နည်းလမ်းလေးသွယ်ဖြင့် ဖွင့်လှစ်သွားမည်

အခြေခံပညာကျောင်းများကို နည်းလမ်းလေးသွယ်နဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ပုံမှန်တက်ကျောင်း၊ တစ်ပတ်ခြားကျောင်း၊ တစ်ပတ်ခြား၍ နှစ်သုတ်တက်ကျောင်း၊ တစ်ပတ်ခြားပြီး နှစ်သုတ်တက်၍ သုံးရက်တက်ကျောင်းများ အဖြစ် လျာထားတယ်လို့ သိရပါတယ်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား၊ ကျောင်းသူ အားလုံးအား ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ နှာခေါင်းစည်းများ၊ မျက်နှာကာများကို အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ပြီး ကျောင်းတိုင်းအား သာမိုမီတာများနှင့် လက်သန့်စင်ရေးပစ္စည်းများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုများသော မြို့နယ်များရှိ ကျောင်းများသို့ PPE ရောဂါကာကွယ်ရေးဝတ်စုံ ၂ နှစ်စုံစီကိုလည်းကောင်း အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး ၆ ပေခြား၍ ခပ်ခွာခွာ နေထိုင်မှုကို စီစဉ်ထားရှိလျက် အခြေခံပညာကျောင်းများကို နည်းလမ်းလေးသွယ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ပုံမှန်တက်ကျောင်း၊ တစ်ပတ်ခြားကျောင်း၊ တစ်ပတ်ခြား၍ နှစ်သုတ်တက်ကျောင်း၊ တစ်ပတ်ခြားပြီး နှစ်သုတ်တက်၍ သုံးရက်တက်ကျောင်းများအဖြစ် လျာထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆီမီယိုအရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ၏မူဝါဒရေးရာ e-Forum မှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အိမ်မှာ ဆက်လက်သင်ယူလေ့ကျင်မှုတွေ လိုအပ်မှာဖြစ်ပြီး အွန်လိုင်းသင်ကြားမှုတွေ အတွက်လည်း လိုအပ်တာတွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက် စီစဉ်ထားကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဆီမီယိုအရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ၏ မူဝါဒရေးရာ e-Forum ကို ဇွန် ၁၈ ရက် နံနက် ၉ နာရီက ကျင်းပခဲ့တာဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆီမီယိုအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆီမီယိုမိတ်ဖက်အဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနဲ့ အဆင့်မြင့်ပညာရေးအရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ