အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ထူထောင်ခြင်း စည်းမျဉ်းကို ပြင်ဆင်သည့် စည်းမျဉ်း ထုတ်ပြန်

အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (Universal Service Fund, USF) ထူထောင်ခြင်း စည်းမျဉ်းကို ပြင်ဆင်တဲ့စည်းမျဉ်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာ ဆက်သွယ်ရေးဥပဒေ အခန်း၁၅၊ ပုဒ်မ၅၄ အရ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိရန်နှင့် ကြီးကြပ်ရန်ဟူ၍ ဖော်ပြပါရှိပါတယ်။ အဆိုပါရန်ပုံငွေဖြင့် အခြေခံ ဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်း အစီအစဥ်များ အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိစေပြီး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ဖို့အတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ ထူထောင်ခြင်း စည်းမျဥ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူကာ ၂၀၁၈ ခုနစ် သြဂုတ်လ ၂၈ ရက်က အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၈ ပြည်ထောင်စုဝန်ကြီးရုံးက အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့လိုအပ်ချက်အရ အခြားဆက်သွယ်‌ရေးဆိုင်ရာကဏ္ဍတွေအတွက် ရန်ပုံငွေမှ သုံးစွဲရန်လိုအပ်လာ တဲ့အတွက် အဆိုပါစည်းမျဉ်း ပြင်ဆင်ခွင့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြခဲ့ရာ ခွင့်ပြုချက် ရရှိခဲ့တယ်လို့ သိရပါတယ်။ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ (Universal Service Fund, USF) ထူထောင်ခြင်းစည်းမျဉ်းကို ပြင်ဆင်သည့် စည်းမျဉ်းကို ၂၀၂၀ ခုနစ် ဧပြီလ ၂၀ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၀ (ပူးတွဲ) ဖြင့် ပြည်ထောင်စုဝန်ကြီးရုံး က ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

-ဝေဝေ

သင်သိပါသလား? မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်ရုံပဲဆိုတာ . . .