ဟောင်ကောင်ရဲကို ခြေရာခံသည့် app အား Apple ဖြုတ်ချခဲ့

ဟောင်ကောင်ဆန္ဒပြမှုအတွင်း ရဲနဲ့ နိုင်ငံသားတွေ ထိပ်တိုက်တွေ့မှုရှိနေပါတယ်။ ဟောင်ကောင်အတွင်း နေထိုင်သူတွေနဲ့ ဥပဒေထိန်းသိမ်းရေးတို့ အန္တရာယ်ဖြစ်နိုင်တဲ့ နည်းလမ်းများစွာကြောင့် အောက်တိုဘာ ၉ ရက် (ဗုဒ္ဓဟူးနေ့) ညမှာ app တစ်ခုကို ဖယ်ရှားလိုက်တယ်လို့ Apple ကထုတ်ပြန်ခဲ့ပါတယ်။

ဟောင်ကောင်က ဒီမိုကရေစီထောက်ခံသူတွေဟာ ဆန္ဒပြနေကြတာ ၁၈ ပတ်ရှိပြီ ဖြစ်ပါတယ်။ HKmap.live ဆိုတဲ့ app ကတော့ သုံးစွဲသူက ရဲတွေရဲ့လှုပ်ရှားမှုကို ခြေရာခံနိုင်ပြီး ရဲအရာရှိတွေကို ပစ်မှတ်ထား အလစ်ဝင်ရောက် တိုက်ခိုက်နိုင်ပါတယ်။ အခုလို app ကိုအသုံးချမှုဟာ App Store ပေါ်လစီနဲ့ ဟောင်ကောင်ဥပဒေကို ချိုးဖောက်တယ်လို့ Apple ကဆုံးဖြတ်ခဲ့ပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေက app နဲ့ပတ်သက်ပြီး စောဒကတက်ခဲ့ကြကာ ရဲတွေမရှိတဲ့ ဧရိယာမှာ နိုင်ငံသားတွေကို ဖိနှိပ်ဖို့ app ကိုအသုံးပြုကြတယ်လို့ ပြောခဲ့ပါတယ်။ ကွန်မြူနစ်ပါတီရဲ့ အဓိက သတင်းစာ People’s Daily ကလည်း Apple ကိုဝေဖန်ခဲ့ပြီး တရားမဝင် အမူအကျင့်တွေ ဖြစ်ပေါ်အောင် app က ထောက်ပံ့ပေးတယ်လို့ ရေးသားခဲ့ပါတယ်။

စိုးထက်
Ref: Axios