သူနာပြုသားဖွားသင်တန်းကျောင်းများတွင် သင်တန်းသားများကို ယခင်နှစ်ထက် တိုးမြှင့်ခေါ်ယူမည်

သူနာပြုသားဖွားသင်တန်းကျောင်းများတွင် သင်တန်းသားများကို ယခင်နှစ်ထက်တိုးမြှင့်ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သူနာပြုသားဖွား ဒီပလိုမာသင်တန်းနဲ့ ဘက်စုံသားဖွား ဒီပလိုမာသင်တန်းတွေကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း ကြောညာထားပြီးဖြစ်တယ်လို့ သိရပါတယ်။ သင်တန်း‌တွေကို ၂ဝ၂ဝ ပြည့်နှစ် မတိုင်မီ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး ၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများ လျှောက်ထား၍မရကြောင်း၊ သင်တန်း တက်ရောက်လိုသူတွေ အနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင် ရမှတ်များမှ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ သုံးဘာသာ ရမှတ်ပေါင်းပေါ် မူ တည်ကာ ရွေးချယ်မှာဖြစ်ကြောင်း သိရပါတယ်။

သင်တန်းကာလအတွင်း ပျက်ကွက်ပါကဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ချိုးဖောက်ပါကဖြစ်စေ သူနာပြုသားဖွား ဒီပလိုမာသုံးနှစ် သင်တန်းအတွက် ငွေကျပ် ရှစ်သိန်းတိတိ၊ ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်း အတွက် ငွေကျပ်သုံးသိန်းတိတိ ပေးလျော်နိုင်သူ ဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ လျှောက်လွှာတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေမှာ ရယူကာ လိုအပ်တဲ့ စာရွက်စာတမ်းများနဲ့အတူ ၂ဝ၂ဝ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်ထက် နောက်မကျဘဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။

-ဝေဝေ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««