သူနာပြုတက္ကသိုလ်များနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ၏ သင်ကြားသင်ယူမှုအစီအစဉ်များတွင် အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံကို ထည့်သွင်းသင်ကြားပေးမည်

သူနာပြုနှင့်သားဖွားဒီပလိုမာ (၃ နှစ် သင်တန်း) နှင့် သားဖွားဒီပလိုမာ (၂ နှစ် သင်တန်း) နောက်ဆုံးနှစ်များတွင် အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ထည့်သွင်းကာ စတင်သင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဝန်ကြီးဌာနအနေနဲ့ COVID-19 ဖြစ်စဉ်ကာလအတွင်း ဆေးနှင့်ဆေးပညာနှီးနွှယ်ပညာ တက္ကသိုလ် (၁၆) ခုမှာ သင်ကြားမှုများ ခေတ္တရပ်ဆိုင်းထားရခြင်းကို အမြန်ဆုံးပြန်လည် စတင်နိုင်ရေးနဲ့ သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ခေတ်မီ အီလက်ထရောနစ်နည်းပညာသုံး ပညာသင်ကြားမှုများလည်း တစ်ခုအပါအဝင် ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

“ယခုကဲ့သို့ ခေတ်မီ အီလက်ထရောနစ်နည်းပညာသုံး ပညာသင်ကြားသင်ယူမှုပုံစံကို ယခင်သင်ကြားသင်ယူမှုပုံစံများတွင် ထည့်သွင်းအသုံးပြု၍ သူနာပြုနှင့်သားဖွားများကို စတင်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးသည့် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ သင်တန်းသား/သူများနှင့် အီလက်ထရောနစ်နည်းပညာကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ ပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် Jhpiego အဖွဲ့နှင့် ဘဏ္ဍာငွေ ကျပ်သိန်း (၇၇၀) ခန့် ပံ့ပိုးပေးသည့် Access to Health Fund အဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ခေတ်မီ အီလက်ထရောနစ်နည်းပညာသုံး သင်ကြားသင်ယူမှုပုံစံ (E-Learning platform) ကို အသုံးပြုရန်အတွက် လိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ ဆောင်ရွက်ပုံနည်းစနစ်များ သင်ကြားခြင်းနှင့် ကနဦးစမ်းသပ်ခြင်းလုပ်ငန်းများကို စီမံချက်ပုံစံဖြင့် ပြုလုပ်၍ စနစ်တကျဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချကာ သင်ကြားသင်ယူမှုများကို ဝန်ကြီးဌာန၏ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် ဆောင်ရွက်လျက်ရှိခဲ့ပြီး ယခုအခါ အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ကို သူနာပြုတက္ကသိုလ်များနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ၏ သင်ကြားသင်ယူမှုအစီအစဉ်များတွင် ထည့်သွင်းပေါင်းစပ်ကာ စတင်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း” ဒေါက်တာမြင့်ထွေးက ဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါ အကြောင်းအရာကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ Access to Health Fund နဲ့ Jhpiego – Johns Hopkins University Affiliate တို့ ပူးပေါင်းဆောင်ရွက်တဲ့ သူနာပြုနှင့်သားဖွားဒီပလိုမာ (၃ နှစ် သင်တန်း) နှင့် သားဖွားဒီပလိုမာ (၂ နှစ် သင်တန်း) နောက်ဆုံးနှစ်များမှာ အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ထည့်သွင်းကာ စတင်သင်ကြားမယ့် အစီအစဉ်မိတ်ဆက်မှု အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပြီး အခမ်းအနားကို ဇန်နဝါရီ ၆ ရက်က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

E-Learning Platform ကို အသုံးပြုရာမှာ တွေ့ကြုံနိုင်တဲ့ အခက်အခဲနဲ့ စိန်ခေါ်မှု‌တွေကို အမြဲတမ်း သုံးသပ်၍ ကျော်လွှားကြရမှာဖြစ်ပြီး အင်တာနက် အမြန်နှုန်းနှေးတဲ့ နေရာအနည်းငယ်မှာလည်း ပုံစံတစ်နည်းနဲ့ ဆောင်ရွက်ထား‌‌ကြောင်းနဲ့ ယခုလက်ရှိမှာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (၅၃) ခုမှာ တက်ရောက်နေတဲ့ သင်တန်းသား/ သူ (၉,၅၃၈) ဦးနဲ့ သူနာပြုတက္ကသိုလ်များမှာ တက်ရောက်နေတဲ့ သင်တန်းသား/သူ (၁,၄၉၉) ဦး ရှိတယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««