သုံးစွဲသူအချက်အလက်တွေကို Xiaomi စုဆောင်းနေဟု Forbes ဖော်ပြ

Xiaomi ဟာ Xiaomi ဖုန်းနဲ့ ကိုယ်ပိုင် browser အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ Forbes နဲ့ လက်တွဲလုပ်နေတဲ့ လုံခြုံရေးသုတေသီတစ်ဦးက ဖော်ထုတ်ခဲ့ပါတယ်။ Xiaomi ရဲ့ browser မှာ incognito mode နဲ့အသုံးပြုတာ ဒါမှမဟုတ်လည်း DuckDuckGo လိုမျိုး တစ်ကိုယ်ရေလုံခြုံရေးဦးစားပေး browser နဲ့အသုံးပြုရင်လည်း အချက်အလက်တွေ စုဆောင်းခံရပါမယ်။

လုံခြုံရေးသုတေသီဖြစ်တဲ့ Gabriel Cirlig ဟာ နေ့စဉ် Redmi Note 8 ကိုအသုံးပြုပါတယ်။ Xiaomi ဖုန်းက ဖုန်းပေါ်က သူ့လုပ်ဆောင်ချက် အားလုံးကို မှတ်တမ်းတင်ပြီး ရုရှားနဲ့ စင်ကာပူက ဆာဗာတွေဆီပို့နေပါတယ်။ ဒါပေမဲ့ ဆာဗာရဲ့ domain ကတော့ ဘေကျင်းမှာ host လုပ်ထားပါတယ်။ သူ့ရဲ့ ဖန်သားပြင်က ဝက်ဘ်ဆိုက်၊ ဖွင့်လိုက်တဲ့ folder ၊ ပြောင်းလိုက်တဲ့ settings နဲ့ default app ပေါ်က သီချင်းတွေကို ဆာဗာတွေဆီ ပို့နေတာ ဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေကို base64 format အသုံးပြုပြီး encrypt လုပ်ထားတယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Gabriel Cirlig ကစာနဲ့မှတ်သားထားတဲ့ အချက်အလက်အဖြစ် အလွယ်တကူပြောင်းလဲနိုင်တာပါ။

ဒါနဲ့ Cirlig က Xiaomi Mi 10, Redmi K20 နဲ့ Mi Mix 3 အတွက်ဖြန့်ထားတဲ့ ROM တွေကို download လုပ်ပြီး စစ်ဆေးကြည့်တဲ့အခါမှာ လုံခြုံရေးအားနည်းချက်တွေ တွေ့ရပါတယ်။ Mi Browser Pro နဲ့ Mint Browser တွေမှာလည်း သံသယဖြစ်စရာကောင်တဲ့ အပြုအမူတွေ တွေ့ရတယ်လို့ Andrew Tierney ဆိုတဲ့ လုံခြုံရေးသုတေသီက ပြောခဲ့ပါတယ်။

Forbes ပြောကြားချက်တွေဟာ မမှန်ကန်ဘဲ အထင်အမြင် မှားစေတယ်လို့ Xiaomi က တုံ့ပြန်ခဲ့ပါတယ်။ Xiaomi ဟာ သုံးစွဲသူအချက်အလက်နဲ့ ပတ်သက်ရင် ဒေသတွင်း ဥပဒေနဲ့ စည်းကမ်းအတိုင်း ကျင့်သုံးပြီး ရရှိတဲ့ browser အချက်အလက်တွေကို တစ်ဦးချင်းမဖော်ထုတ်ထားဘူးလို့ ပြောခဲ့ပါတယ်။ သုံးစွဲသူရဲ့ browser အတွေ့အကြုံတိုးတက်လာဖို့ အချက်အလက်ကို စုဆောင်းတာက ပုံမှန်လုပ်ထုံးလုပ်နည်းဖြစ်တယ်လို့ Xiaomi ကပြောထားပါတယ်။

စိုးထက်
Ref: GSMArena

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .