သုံးကြိမ်အထိ ခေါက်နိုင်တဲ့ OPPO concept ခေါက်စမတ်ဖုန်း

OPPO ဟာ လာမယ့်နှစ်အတွင်း ခေါက်စမတ်ဖုန်း ဈေးကွက်ထဲ ဝင်လာနိုင်ပါတယ်။ Samsung Galaxy Z Fold 2 ထုတ်ကုန်ကတော့ စမတ်ဖုန်းနဲ့ ပါရာဒိုင်းကို ပြောင်းလဲလိုက်ပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO က သုံးခါအထိ ခေါက်လို့ရတဲ့ concept ဖုန်းကို ဂျပန်ဒီဇိုင်းကုမ္ပဏီ Nendo design နဲ့ပူးပေါင်းထားပါတယ်။

OPPO concept ထုတ်ကုန်ကို ခေါက်ထားမယ်ဆိုရင် လက်ထဲမှာ အလွယ်တကူ ကိုင်ထားလို့ရပါတယ်။ ဖုန်းကို slide တစ်ကြိမ် ဖွင့်လိုက်ရင် ၁.၅ လက်မ မျက်နှာပြင် ပါဝင်ပြီး ဖုန်းခေါ်ဆိုတာ၊ သတိပေးချက် ဒါမှမဟုတ် music player ကိုမြင်ရပါမယ်။ ဒုတိယမြောက် ဖြန့်လိုက်ရင် ၃.၁၅ လက်မ မျက်နှာပြင် တွေ့ရပါမယ်။ အဲဒီမျက်နှာပြင်မှာ ဓာတ်ပုံရိုက်တာ ဒါမှမဟုတ် ဂိမ်းလည်း ကစားနိုင်မယ်လို့ OPPO ကပြောထားပါတယ်။

ဖုန်းအပြင်ဘက်မှာ ကင်မရာ ၄ လုံးအထိ ပါဝင်လာပါတယ်။ ဖုန်းကို ဖြန့်လိုက်ရင်တော့ ဘေးဘောင်သေးသေးနဲ့ ၇ လက်မ မျက်နှာပြင် ထွက်ပါမယ်။ OPPO concept ဖုန်းမှာ stylus လည်း ပါဝင်လာပါသေးတယ်။ ဒါ့အပြင် OPPO က ကြိုးမဲ့ နားကြပ်ဒီဇိုင်း တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ နားကြပ်ဒီဇိုင်းက ချိတ်ဒီဇိုင်း အသုံးပြုထားပြီး အားသွင်းရတဲ့ case ထဲ အလွယ်တကူ ထည့်နိုင်ပါတယ်။

 

စိုးထက်

Ref: AndroidCentral