သိပ္ပံ Hub မှ Computer Science အခြေခံကို သင်တန်းကြေးအခမဲ့ဖြင့် သင်ကြားပေးလျက်ရှိ

သိပ္ပံ Hub မှ Computer Science အခြေခံကို မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၁၀ နှစ်မှ ၁၄ နှစ် ကလေးတွေအတွက် သင်တန်းကြေး အခမဲ့နဲ့ သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

Computer Science ဘာသာရပ်မှာ နေရာတိုင်းတွင် ပါဝင်ပတ်သက်နေတဲ့အတွက် ကလေးတစ်ယောက်အနေနဲ့ မည်သည့် နယ်ပယ်ရပ်ကို စိတ်ဝင်စားသည်ဖြစ်စေ Computer Science ကိုလေ့လာခြင်းအတွက် အကျိုးရှိစေမှာဖြစ်ကြောင်းနဲ့ Computer Science အခြေခံသင်ခန်းစာတွေကို လေ့လာတဲ့အခါ နည်းစနစ်ကျကျ တွေးခေါ်တတ်သော Logical Thinking Skill နှင့် ပြဿနာဖြေရှင်းနိုင်သော Problem Solving Skill တွေကိုရရှိမှာဖြစ်ကြောင်း သိရပါတယ်။

“ယခုလို Covid ကပ်ရောဂါ အချိန်ကာလမှာ ကျောင်းအားလုံး ပိတ်ထားရတဲ့အတွက် ကလေးရော၊ လူငယ်များပါ အားလပ်ရက်ရှည် ရနေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ အကျိုးရှိစေဖို့ ရည်ရွယ်ပြီး သိပ္ပံ Hub ကို စတင်မိတ်ဆက်ခဲ့ကာ ကလေးများအတွက် Computer Science တန်းခွဲများဖွင့်လှစ်ပြီး လူငယ်များအတွက် volunteer လုပ်နိုင်ဖို့အခွင့်အရေးများ ပေးနိုင်ခဲ့ပါတယ်။ သိပ္ပံ Hub အနေနဲ့ အောက်တိုဘာ ၁၂ ရက်ကစပြီး မည်သူမဆို တက်ရောက်နိုင်တဲ့ အွန်လိုင်းအတန်းတွေကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် မော်လမြိုင်မြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခု ဖြစ်တဲ့ ပါရမီကျောင်းနဲ့ ပူးပေါင်းပြီး ကျောင်းသား ( ၁၁၄ ) ဦးကို သင်ကြားပေးနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာလည်း TTC ကျောင်းမှ ကျောင်းသား (၂၀၇) ဦး အတွက် သီးသန့်တန်းခွဲများဖွင့်လှစ်ပြီး သင်ကြားပေးခဲ့ပါတယ်” လို့ သိပ္ပံ Hub မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သိပ္ပံ Hub အနေနဲ့ တန်းခွဲများသာမက မိဘ၊ ကလေးနဲ့ လူငယ်အားလုံးအတွက် အကျိုးပြုစေသော Talk Show များ၊ သတင်းအချက်လက်များ၊ ဗဟုသုတများ၊ ပဟေဠိနှင့် ကလေးများအတွက် ပြိုင်ပွဲများ အစရှိသော အစီစဉ်များကိုလည်း Thate Pan Hub Facebook Page တွင် အစဉ်အမြဲ ဖော်ပြလျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတွင် Computer Science နဲ့ Artificial Intelligence ဘာသာရပ်တွေမှာ အခြေခံပညာသင်ရိုးတွင် ပါဝင်ခြင်းမရှိသေးကြောင်း၊ အင်တာနက်တွင် ကိုယ်တိုင်သွားရောက် လေ့လာနိုင်သော်လည်း အင်္ဂလိပ်စာ မကျွမ်းကျင်သော ကလေးများအတွက် အခက်အခဲတစ်ခု အနေနဲ့ တည်ရှိနေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ မည်သည့်ကလေးငယ်မှ နည်းပညာခေတ်ကြီးတွင် နောက်ကျမကျန်ခဲ့စေဖို့ ရည်ရွယ်ပြီး “သိပ္ပံ Hub” ကို စတင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံ Hub အနေဖြင့် အကျိုးအမြတ်မယူသော လူထုအကျိုးပြုစီးပွါးရေး တစ်ခုအဖြစ် ရပ်တည်နေပြီး နောင်တွင် ယခုထက်ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက်် ထောက်ပံ့ကူညီမှုများစွာ လိုအပ်လျက်ရှိကြောင်း ၊ မြန်မာနိုင်ငံမှ ကလေးများအနေဖြင့် ကွန်ပျူတာသိပ္ပံဘာသာရပ်ကို လေ့လာနိုင်ရန် သိပ္ပံ Hub အနေဖြင့် တစ်ထောင့်တစ်နေရာကနေ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများကို လက်ခံလျက်ရှိကြောင်း ၊ Computer Science ဘာသာရပ်ကို အခမဲ့ သင်ကြားပေးနေသလို ရန်ပုံငွေများကိုလည်း Open Donation ကောက်ခံနေကြောင်း၊ အလှူငွေ ၂၃,၀၀၀ ကျပ် ဖြစ်ပါက Thate Pan Hub အနေဖြင့် ကလေးတစ်ယောက်ကို ၁၅ နာရီစာ Computer Science အတန်းတစ်ခု သင်ပေးနိုင်ကြောင်း သိရပါတယ်။ လှူဒါန်းလိုသူတွေအနေနဲ့ TPH သို့ တိုက်ရိုက်လှူဒါန်းနိုင်မှာ ဖြစ်ပြီး မသက်နှင်းဆက် ဖုန်း – ၀၉၇၇၃၂၇၀၀၉၆ သို့ ဆက်သွယ်စုံစမ်းနိုင်သလို ဘဏ်အကောင့်တွေဖြစ်တဲ့ THET HNIN SATT KBZ- 27930127900667801, AYA- 0093201010061746, CB- 0113600500042595, KBZ Pay – 09773270096, Wave Money- 09773270096, 0093201010061746 သို့ပေးပို့လှူဒါန်းနိုင်ပါတယ်။ အသေးစိတ်ကို Thate Pan Hub Facebook Page – https://web.facebook.com/thatepanhubmm မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««