သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာမူဝါဒ (မူကြမ်း) အပြီးသတ် အကြံဉာဏ် ရယူဆွေးနွေးပွဲကျင်းပ

သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု မူဝါဒ (မူကြမ်း) အပြီးသတ် အကြံဉာဏ်ရယူခြင်း အစည်းအဝေးပွဲကို အောက်တိုဘာ ၂၇ ရက် နေ့လယ် ၂ နာရီက Video Conferencing နဲ့ကျင်းပခဲ့ပါတယ်။

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ (မူကြမ်း) သည် စနစ်တကျ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာနသည် UNESCAP ၏အကူအညီဖြင့် နိုင်ငံတကာ မူဝါဒကျွမ်းကျင်ပညာရှင်များထံမှ အကြံဉာဏ်များရယူကာ၊ မြန်မာနိုင်ငံ၏ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးနှင့် ကျွမ်းကျင်သူများ၏ အကြံဉာဏ်များဖြင့် မူဝါဒမူကြမ်းအား ၆ လကြာ အင်တိုက်အားတိုက် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ အဆိုပါ မူဝါဒမူကြမ်းအား အဆင့်ဆင့် အကြံဉာဏ်များရယူ ဆောင်ရွက်ပြီးစီးလာရာ ယခုအခါ အပြီးသတ် အကြံဉာဏ်ရယူခြင်း ဖြစ်သောကြောင့် တက်ရောက်လာသော ပညာရှင်များ၏ အကြံဉာဏ်များဖြင့် ပိုမိုပြည့်စုံသော မူဝါဒတစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ကြောင်း၊ သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ ထွက်ပေါ်လာပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက ပူးပေါင်းအကောင်အထည်ဖေါ် ရမည် ဖြစ်သည့်အတွက် အလေးပေးဆွေးနွေး စေလိုကြောင်းနှင့် ဆွေးနွေးမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများသည် တိုင်းပြည်တစ်ပြည်၏ ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်ပြီး SDG 2030 ကို ရရှိစေနိုင်မည့်အရာများ ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် တိုင်းပြည်၏ စီးပွါးရေးရည်မှန်းချက်၊ ရေရှည် တည်တံ့ခိုင်မြဲသော လူမှုရေး၊ စီးပွားရေးများကို ရရှိနိုင်မည့် ကူးပြောင်းရေးလမ်းကြောင်းပင်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍသည် တိုင်းပြည်၏ နည်းပညာစွမ်းရည်များ မြှင့်တင်ရန် အတွက် အစိုးရဌာနအချင်းချင်း ပူးပေါင်းမှုများ လိုအပ်ကြောင်း၊ မူဝါဒကြမ်း ထွက်ပေါ်ရေးအတွက် ကိုဗစ်ကာလ၌ပင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် ပေးခဲ့ကြသော ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိကြောင်း United Nation ESCAP မှ Mr.Jonathan Wong ( Chief of Technology and Innovation Division) က ပြောကြားခဲ့ပါတယ်။

အစည်းအဝေးကို သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွါးရေးဝန်ကြီး ဦးရဲမင်းဦး၊ အစိုးရဝန်ကြီးဌာန အသီးသီးကိုယ်စားပြု ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ် တီထွင်မှုကောင်စီ အဖွဲ့ဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ UNESCAPမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာပေါ်လစီကျွမ်းကျင်သူများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««