သတိထားသင့်တဲ့ iOS VPN app (၃) ခု

iOS ပေါ် VPN app ၃ ခုဟာ ဈေးနှုန်းကြီးမားတဲ့ လစဉ်ကြေးနဲ့ အသုံးပြုမယ်ဆိုရင် ပြောထားသလို အလုပ်မဖြစ်ဘူးလို့ Avast လုံခြုံရေးသုတေသီတွေ ဖော်ပြခဲ့ပါတယ်။

ဖုန်းသုံးစွဲသူအများစုက ဝက်ဘ်ဆိုက်ကြည့်ရှုမှုတွေကို တစ်ကိုယ်ရေဖြစ်စေဖို့ Virtual Private Networks (VPPNs) ကိုအသုံးပြုကြပါတယ်။ VPN နဲ့ပိတ်ပင်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို ကြည့်ရှုနိုင်တယ်။ မယုံကြည်ရတဲ့ VPN ကတော့ အဆိုးဝါဆုံး ကိစ္စဖြစ်ပါတယ်။

Apple App Store အတွင်းက VPN app ၃ ခုနဲ့ပတ်သက်ပြီး Avast ကပြောကြားခဲ့ပါတယ်။ အဲဒီ app တွေရဲ့ အဆင့်သတ်မှတ်ချက် ၄.၇ ကနေ ၄.၈ အထိရှိပါတယ်။ အဲဒီ app တွေက သုံးစွဲသူတွေအပေါ် ငွေကြေးပိုမိုကောက်ခံပြီး ကြေညာထားတဲ့အတိုင်း ဝန်ဆောင်မှုမပေးဘူးလို့ သိရပါတယ်။ အလားတူ VPN app တွေကို Fleeceware app လို့ခေါ်ပါတယ်။

Apple App Store ပေါ်မှာ ရှိတဲ့ app (၃) ခုကတော့ Beetle VPN, Buckler VPN နဲ့ Hat VPN Pro တို့ပဲဖြစ်ပါတယ်။

Avast ရဲ့ မိုဘိုင်းအန္တရာယ်နဲ့ လုံခြုံရေးအကြီးအကဲဖြစ်တဲ့ နီကိုလာခရိုင်ဆာဒိုက “Fleeceware app တွေက ဟိုမရောက်၊ ဒီမရောက်ဖြစ်ပြီး အန္တရာယ်မကြီးမားပါဘူး။ သူတို့တွေက သုံးစွဲသူတွေဆီက ဈေးသက်သာတဲ့ feature တွေအတွက် အပတ်စဉ်၊ လစဉ် ဒါမှမဟုတ် နှစ်စဉ် အလွန်များပြားတဲ့ ငွေကြေးကောက်ခံတာတွေ လုပ်ပါတယ်” လို့ပြောပါတယ်။

App တွေကို အခမဲ့ download လုပ်နိုင်ပေမယ့် in-app purchase ပါဝင်လာပါတယ်။ App တွေကို ၃ ရက် စမ်းသုံးပြီးတာနဲ့ သုံးစွဲသူတွေအပေါ် ၉.၉၉ ဒေါ်လာ ကောက်ခံပါတယ်။ Beetle VPN, Buckler VPN နဲ့ Hat VPN Pro တွေရဲ့ လစဉ်ကြေးကို ဝယ်ယူပြီးတာနဲ့ VPN ချိတ်ဆက်တဲ့အခါ မပြီးမြောက်ဘူးဆိုတဲ့ message ကိုတွေ့ရတယ်လို့ သိရပါတယ်။

-စိုးထက်
Ref: Forbes