သတင်းအချက်အလက် ဗဟိုဌာန eGIDC ကို ၂၀၂၂ တွင် အပြီးတည်ဆောက်ရန် လျာထားဟုဆို

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ သတင်းအချက်အလက် ဗဟိုဌာန eGIDC ( e-Government Integrated DATA Center ကို နေပြည်တော်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးအောင် လျာထားဆောင်ရွက်နေကြောင်း အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။

နေပြည်တော်မှာ ဇွန် ၁၀ ရက်၊ နေ့လည်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

Myanmar e-Governance Master Plan နဲ့ အညီ အီလက်ထရောနစ်အစိုးရ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်ဦးဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ နည်းပညာကဏ္ဍ (၃)ရပ်ကို ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့သို့ ဆောင်ရွက်ရာမှာ eGovernment စနစ်တွင် အရေးကြီးတဲ့ Integrated Data Center ကို နေပြည်တော်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးအောင် လျာထားဆောင် ရွက်နေပါကြောင်း အမြဲတမ်း အတွင်းဝန်က ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

သတင်းအချက်အလက် ဗဟိုဌာန eGIDC ( e-Government Integrated DATA Center) ကို ကိုးရီးယား သမ္မတနိုင်ငံ စီးပွားဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ ကန်ဒေါ်လာ ၉ ၃.၇၇၉ သန်းနဲ့ တည်ဆောက်တာဖြစ်ပါတယ်။ DATA Center ကို အုပ်ချူပ်ရေး အချက်အချာ ကျတဲ့ နေပြည်တော်မှာ တည်ဆောက်သွားမှာ ဖြစ်ပြီး သဘာဝဘေးကြောင့် အချက်အလက်များ ပျက်ဆီးဆုံးရှုံးခြင်းမှ ကာကွယ်ရန် ကီလိုမီတာ (၄၀၀)ကွာဝေးတဲ့ သံလျင်မြို့နယ်မှာ Disaster Recovery Center (DRC) တစ်ခုကိုပါ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ eGIDC မှာ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် Cloud ကို တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက်လည်း မိမိနိုင်ငံက သတင်းအချက်အလက်တွေကို ပြည်ပနိုင်ငံတွေမှာ ထားစရာမလိုဘဲ ပြည်တွင်းမှာပဲ ထားရှိနိုင်မယ်လို့ ဆိုပါတယ်။ သတင်းအချက်အလက် ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့အတွက် Backup သုံးမျိုး ၊ Cloud Backup စတာတွေကို ၂မျိုးစလုံးမှာ ထည့်သွင်းတည်ဆောင်မှာဖြစ်ပြီး အပြန်အလှန် ချိတ်ဆက်ထားမှာဖြစ်ပါတယ်လို့လည်း သိရပါတယ်။

-ကျော်ဇေယျ