သတင်းအချက်အလက်နည်းပညာ ပါရဂူဘွဲ့သင်တန်းသားများခေါ်ယူ

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် သတင်းအချက်အလက် နည်းပညာပါရဂူဘွဲ့ သင်တန်းသားများ ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်းအချက်အလက်နည်းပညာပါရဂူဘွဲ့သင်တန်း (Ph.D – IT) သင်တန်း၊ အပတ်စဉ် (၄) ကို ဒီဇင်ဘာ ၂ ရက် မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းလျှောက်ထားလိုသူတွေ အနေနဲ့ ကွန်ပျူတာဘာသာရပ် (သို့) အလားတူ သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဘာသာရပ်အထူးပြုဖြင့် မဟာဘွဲ့တစ်ခုခုရရှိပြီးသူ၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ ရဲ့ခွင့်ပြုချက်နဲ့ လျှောက်ထားနိုင်သူ၊ သင်တန်းကို အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်မယ့် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ Refree (၂) ဦးထံမှ Letter of Recommendation တင်ပြနိုင်ရမှာဖြစ်ပြီး သင်တန်းလျှောက်လွှာနဲ့ အတူ မိမိပြုလုပ်လိုတဲ့ သုတေသနမူကြမ်း ပူးတွဲတင်ပြနိုင်သူဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားသူတွေအနေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကိုက်ညီသူဖြစ်ပါက သင်တန်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဘာသာရပ်ဆိုင်ရာတွေကို (Data Structure, Artificial Intelligence, Operating System, Software Engineering, Data Analysis and Management, Computer Networking, Computer Architecture, IQ Test) တွေကို အွန်လိုင်းမှ ဖြေဆိုရမှာဖြစ်ပါတယ်။ ရေး ဖြေစာမေးပွဲအောင်မြင်သူတွေ အနေနဲ့ နိုဝင်ဘာ ၂၀ ရက်မှာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုကြရမှာဖြစ်ပါတယ်။ IT ပညာရပ်နယ်ပယ်မှာ လုပ်သက်အတွေ့အကြုံ (၁၅) နှစ်နဲ့အထက်ရှိပြီး IT ဘာသာရပ်မှာ မဟာဘွဲ့တစ်ခုခုရရှိပြီးသူတွေ အနေနဲ့ အရည်အချင်းစစ်ဝင်ခွင့်စာမေးပွဲ (Entrance Exam) ဖြေစရာမလိုဘဲ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှာ လူတွေ့ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

ပါရဂူဘွဲ့သင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး စုစုပေါင်း ၃ နှစ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် လျှောက်လွှာတွေကို သတ်မှတ်ပုံစံဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဖုန်း – ၀၁-၉၆၆၄၇၀၉ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-ဝေဝေ