သတင်းမီဒီယာများကို ဆိုက်ဘာလုံခြုံရေးသင်တန်း ပို့ချမည်

Myanmar Information Security Association (MiSA) နဲ့ Wave Money တို့ အတူပူးပေါင်းပြီး တစ်ရက်တာ အွန်လိုင်းသင်တန်းပို့ချမယ့် နည်းပညာအကြောင်းအရာများအား သတင်းရေးသားတင်ဆက်ရာမှာ အထောက်အကူပြုနိုင်မယ့် ဆိုက်ဘာလုံခြုံရေး (Cyber Security) နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်သည်များကို မျှဝေပေးမယ့်သင်တန်းကို အွန်လိုင်းမှ ပြုလုပ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုတဲ့ မီဒီယာများ အနေနဲ့ စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

သင်တန်းကို အွန်လိုင်းကနေ နိုဝင်ဘာလ ၂၅ ရက် (ဗုဒ္ဓဟူးနေ့) မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မည်သည့် သတင်းမီဒီယာမိတ်ဆွေ မဆို အခမဲ့ တက်ရောက်နိုင်ပြီး သတင်းအချက်အလက်လုံခြုံရေး၊ ဒေတာလုံခြုံရေး၊ ဒီဂျစ်တယ်ငွေကြေးစနစ်၊ မိုဘိုင်းပိုက်ဆံအိတ်လုံခြုံရေး အပါအဝင် ဆိုက်ဘာလုံခြုံရေး ချိုးဖောက်ခံရနိုင်မှုများကို လေ့လာဆန်းစစ်ခြင်း အစရှိတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဝေမျှပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နံနက် ၈ နာရီခွဲ မှ ၁၁:၀၀ နာရီ အထိ ပြုလုပ်မှာဖြစ်ပြီး အွန်လိုင်းသင်တန်းမှာ Wave Money ရဲ့ Chief Technology Officer ဖြစ်သူ ဦးထင်လှိုင်နဲ့ Myanmar Information Security Association ရဲ့ ပူးတွဲတည်ထောင်သူ ဦး Mike ဘုန်းမြင့် တို့က အဓိက ပို့ချပေးသွားမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာမှ အွန်လိုင်းသင်တန်းသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူတွေ အနေနဲ့ မအိမို့မို့ခိုင် (nainglinnaung.rice@gmail.com) (သို့) ဖုန်း – 09 797558771 သို့ ဆက်သွယ်၍ နိုဝင်ဘာလ ၂၃ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထားပြီး မိမိ၏ အမည်၊ တာဝန်ထမ်းဆောင်နေသည့် သတင်းမီဒီယာအမည်၊ ဖုန်းနံပါတ်တို့ဖြင့် စာရင်းပေးသွင်းရန်လိုကြောင်း သိရပါတယ်။

အဆိုပါ အွန်လိုင်းသင်တန်းဟာ တတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ် အွန်လိုင်းသင်တန်းကို စက်တင်ဘာလ ၂၉ ရက်နဲ့ ဒုတိယအကြိမ်ကို အောက်တိုဘာလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ရာမှာ သတင်းမီဒီယာမှ စုစုပေါင်း (၆၀) ဦးရေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««