သတင်းတု၊ သတင်းအမှားပျံ့နှံ့မှုလျှော့ချရေးအတွက် ကြားခံ ပြင်ပအချက်အလက်စစ်ဆေးရေး မိတ်ဖက်လုပ်ငန်းကို Facebook မှ မြန်မာနိုင်ငံသို့မိတ်ဆက်

သတင်းတု၊ သတင်းအမှားပျံ့နှံ့မှုလျှော့ချရေးနဲ့ အများပြည်သူဖတ်ရှုမယ့် သတင်းတွေရဲ့ အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် Facebook ရဲ့ ပြင်ပအဖွဲ့အစည်းမှတစ်ဆင့် အချက်အလက်စစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှာ စတင်နေပြီး မြန်မာနိုင်ငံအတွက် Facebook ရဲ့ မိတ်ဆက်အချက်အလက် စစ်ဆေးသူအဖြစ် BOOM မှ Facebook ပေါ်ရှိ မြန်မာဘာသာနဲ့ရေးသာထားတဲ့ အကြောင်းအရာတွေ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဆန်းစစ်လေ့လာကာ မည်မျှတိကျမှန်ကန်ကြောင်း အဆင့်သတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Facebook ရဲ့ News Partnership Director, APAC ဖြစ်သူ Anjali Kapoor က “Facebook ပေါ်မှာ သတင်းအမှား ပျံ့နှံ့မှုမရှိအောင် ကြိုးစားဖယ်ရှားသွားမယ်လို့ ကျွန်မတို့ ကတိပြုထားတဲ့အတိုင်း Facebook ရဲ့ ကြားခံပြင်ပ အချက်အလက်စစ်ဆေးရေး မိတ်ဖက်လုပ်ငန်းစဉ်ကို BOOM နဲ့ လက်တွဲကာ မြန်မာနိုင်ငံမှ စတင်နိုင်ခဲ့ပါပြီ။ Facebook အနေနဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းက လူမှုအသိုင်းအဝိုင်းရဲ့ အရေးကို တကယ် အလေးအနက်ထားပါတယ်။ ဒီဂျစ်တယ်ခေတ်မှာ လူတိုင်း ရာနှုန်းပြည့် ပါဝင်လာနိုင်အောင် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအတွက် အခုထက်ပိုပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရယူနိုင်တဲ့ လူမှုအသိုက်အဝန်းတစ်ခု ဖန်တီးပေးနိုင်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်မတို့ နားလည်ထားပါတယ်။ ဒါကြောင့် ဘေးကင်းလုံခြုံပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အွန်လိုင်းအသုံးပြုမှု အတွေ့အကြုံတွေရအောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

အချက်အလက် စစ်ဆေးသူများက မှားနေတယ်လို့ သတ်မှတ်လိုက်တဲ့ အကြောင်းအရာတစ်ခုအနေနဲ့ Facebook သတင်းစဉ် (News Feed) မှာ မြင်တွေ့ရမှု နည်းသွားမှာဖြစ်သလို သတင်းအမှား ပျံ့နှံ့ရောက်ရှိမှုနှုန်းကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ သတင်းအမှားတွေကို ထပ်ဖန်တလဲလဲ မျှဝေနေတဲ့ စာမျက်နှာနဲ့ ဒိုမိန်း (Domain) တွေကလည်း ၎င်းတို့ရဲ့ သတင်းပျံ့နှံ့ရောက်ရှိမှုနှုန်း လျှော့တာကို တွေ့မြင်ရမှာဖြစ်သလို Facebook မှတစ်ဆင့် အခကြေးငွေရရှိနိုင်မှုနှင့် ကြော်ငြာနိုင်ခွင့်တို့ ကန့်သတ်ခြင်းခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“BOOM အနေနဲ့ အသုံးပြုတွေဆီကို တစ်ဦးတစ်ယောက်ရဲ့ ထင်ကြေးနဲ့ ရေးသားထားတဲ့ အကြောင်းအရာထက် လေ့လာစစ်ဆေးပြီးသား စိတ်ချရတဲ့ အချက်အလက်တွေကို ရောက်ရှိနိုင်အောင် ကြိုးစားရင်း ကျန်းမာရေးနဲ့ သိပ္ပံပညာကနေ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ အကြောင်းအရာအထိ ခေါင်းစဉ်အမျိုးမျိုးအောက်က သတင်းအမှားတွေကို လျှော့ချပေးဖို့ ကတိပြုထားပါတယ်။ မြန်မာဘာသာနဲ့ရေးသားထားတဲ့ အချက်အလက်တွေကို စစ်ဆေးပေးဖို့ သီးသန့်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့အတူ Facebook နဲ့ လက်တွဲပြီး မြန်မာနိုင်ငံမှာတိုးချဲ့လုပ်ကိုင်ပေးနိုင်ပြီဖြစ်တဲ့အတွက် အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်” လို့ BOOM ရဲ့ Founder-Editor ဖြစ်သူ Govindraj Ethiraj ကပြောပါတယ်။

Facebook ရဲ့ အချက်အလက်စစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့ပြီး လက်ရှိ Facebook မှာ ဘာသာစကား ၄၅ မျိုးကျော်နဲ့ ရေးသားထားတဲ့ အကြောင်းအရာတွေကို စစ်ဆေးနိုင်တဲ့ ကြားခံ ပြင်ပအချက်အလက် စစ်ဆေးသူပေါင်း ၅၅ ဖွဲ့ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း