သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် အကောင်းဆုံးအနေအထားဖြင့်ဆောင်ရွက်ရမည်ဟု ဒေါက်တာမျိုးသိမ်းကြီးပြောကြား

ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူမှုအခွင့် အလမ်း မဆုံးရှုံးစေရေးအတွက် ရှိနေတဲ့အခြေအနေမှာ အဖြစ်သင့်ဆုံး အကောင်းဆုံးအနေအထားနဲ့ ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးကအခြေခံပညာသင်ရိုး ညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။

ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါတွင် အရည်အသွေး ရှိသောသင်ယူတတ်မြောက်မှုရှိစေရန် သင်ရိုးတစ်ခုလုံးကို လွှမ်းခြုံ၍ လွယ် သင့် ခက် မျှတမှုရှိစေမယ့် သင်ရိုးဟောင်း Grade-11 နဲ့ သင်ရိုးသစ် Grade-10 သင်ခန်းစာတွေကို စာသင်ချိန်နဲ့ လိုက်လျောညီထွေ သင်ကြားသင်ယူနိုင်ရန် စီစဉ်ရမှာဖြစ်ကြောင်း၊ အထူးသဖြင့် သင်ရိုးဟောင်း Grade-11 မှာ အသက်မွေးဝမ်းကျောင်းပညာရပ်တွေနဲ့ အဆင့်မြင့်ပညာရပ် ဆက်လက်သင်ယူရာမှာ လိုအပ်မယ့် အခြေခံသင်ရိုးညွှန်းတမ်း လွှမ်းခြုံသင်ယူ တတ်မြောက်နိုင်ရန်လိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောကြားခဲ့ပါတယ်။

သင်ရိုးညွှန်းတမ်း၊ သင်ခန်းစာများ၊ အကဲဖြတ်စစ်ဆေး ခြင်းတွေနဲ့ စာမေးပွဲ ချိတ်ဆက်မှုတွေ အရေးကြီးပြီး ကျောင်းများအားလုံးအတွက် မတူညီနိုင်သောကျောင်းတက်ချိန်များ ထည့်သွင်းစဉ်းစားပြီး သင်ယူတတ် မြောက်ရမယ့် အကြောင်းအရာ သင်ခန်းစာတွေကို ညှိနှိုင်း ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့သိရပါတယ်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်နဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့မှ ဆရာကြီး ဆရာမကြီးများကလည်း ဝိုင်းဝန်းဆွေးနွေး အကြံပြု၍ သင်ရိုးညွှန်းတမ်းတွေကို အတည်ပြုပေးစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူတွေရဲ့ သင်ယူမှုအခွင့် အလမ်း မဆုံးရှုံးစေရေးအတွက် ရှိနေတဲ့အခြေအနေမှာ အဖြစ်သင့်ဆုံး အကောင်းဆုံးအနေအထားနဲ့ ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။

အခြေခံပညာသင်ရိုး ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီကနေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁)အစည်းအဝေးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စာစစ်မှူးချုပ်များ၊ ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီမှအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

-သန္တာ