သင်ကြားရေးအတွက် အကောင်းဆုံး tablet များ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း tablet တွေဟာ ဖျော်ဖြေရေးသက်သက် ထုတ်ကုန် မဟုတ်တော့ဘဲ သင်ကြားရေး ကိရိယာတစ်ခုပါ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က Apple က iPad Pro မော်ဒယ်သစ်တွေကို ဖြန့်ချိပြီး trackpad ထောက်ပံ့မှုပါ ထည့်သွင်းခဲ့ပါတယ်။

Microsoft ကလည်း Surface မော်ဒယ်သစ်တွေဖြစ်တဲ့ ၁၅ လက်မ Surface Book 3 နဲ့ Surface Go 2 တို့ကို ဖြန့်ချိထားပါတယ်။ Amazon ကလည်း ကလေးတွေအတွက် သင့်တော်တဲ့ ဈေးသက်သာတဲ့ tablet တွေကို ဖြန့်ထားပါတယ်။

iPad (၁၀.၂ လက်မ၊ သတ္တမမြောက်မျိုးဆက်၊ ၂၀၁၉)

Apple ရဲ့ ဈေးနှုန်းသင့်တင့်တဲ့ iPad မျက်နှာပြင်အရွယ်အစားကတော့ ပိုမို ကြီးမားလာပြီး ဘက်ထရီသက်တမ်းကလည်း ပိုမို တာရှည်ခံလာပါတယ်။ ဒါ့အပြင် smart keyboard ထောက်ပံ့မှုလည်း ပါဝင်လာပါတယ်။

iPad Pro (၂၀၂၀)

၂၀၂၀ ထုတ် Apple iPad Pro မှာတော့ ပိုကောင်းတဲ့ ကျောဘက်ကင်မရာနဲ့ AR လုပ်ဆောင်ချက်အတွက် lidar sensor တွေပါဝင်လာပါတယ်။ အခုဆိုရင် laptop စတိုင် trackpad ထောက်ပံ့မှု ပါဝင်လာပါတယ်။ Apple ရဲ့ Magic Keyboard Case နဲ့ဆိုရင် track pad ကိုအသုံးပြုနိုင်ပါပြီ။ Apple iPad Pro မှာ Face ID, USB-C ပါဝင်ကာ ဘက်ထရီလည်း ကောင်းမွန်ပါတယ်။

Samsung Tab S7 Plus

Samsung ရဲ့ Tab S7 Plus မှာ keyboard ပါဝင်ပြီး DeX လည်းပါဝင်လာပါတယ်။ Laptop အတွေ့အကြုံကိုလည်း ခံစားနိုင်ပါမယ်။ ဒါ့အပြင် app နှစ်မျိုးကို တစ်ပြိုင်နက်တည်း ဖွင့်ပြီး window အရွယ်ကို ချိန်ညှိနိုင်ပါတယ်။

Apple iPad Mini (၂၀၁၉)

Apple က အဆင့်မြှင့်တင်ထားတဲ့ iPad Mini မှာတော့ Apple Pencil ထောက်ပံ့မှုနဲ့ A12 ပရိုဆက်ဆာတို့ ပါဝင်လာပါတယ်။ မျက်နှာပြင်ကတော့ ၇.၉ လက်မရှိပြီး gaming နဲ့ ပုံဆွဲဖို့ အထောက်အပံ့ ဖြစ်ပါတယ်။

Amazon Fire 7 (၂၀၁၉)

Amazon ရဲ့ tablet ဈေးနှုန်းကတော့ သက်သာလွန်းပါတယ်။ ၂၀၁၉ ခုနှစ်က ထွက်ထားတဲ့ Fire 7 ကတော့ အခြေခံလုပ်ဆောင်ချက် ဖြစ်တဲ့ ဗီဒီယိုကြည့်တာ၊ ဂိမ်းကစားတာနဲ့ ကလေး app တွေအတွက် အလွန်အသုံးဝင်ပါတယ်။

Amazon Fire HD 10 (၂၀၁၉)

မျက်နှာပြင် ၁၀ လက်မအရွယ် Amazon Fire HD tablet တွေက ၇ လက်မ နဲ့ ၈ လက်မ Fire tablet တွေထက် ပိုမြန်ပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၁၅၀ အောက်ပဲရှိပါတယ်။ ဒါ့အပြင် storage 32 GB ဒါမှမဟုတ် 64 GB တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် USB-C လည်းထောက်ပံ့ထားပါတယ်။

HP Chromebook X2

Chromebook X2 ဟာ laptop ဖြစ်သလို ဖြုတ်နိုင်၊ တပ်နိုင်တဲ့ tablet လည်းဖြစ်ပါတယ်။ Chromebook X2 ကို ဓာတ်ပုံပြင်တာနဲ့ Android tablet app တွေအသုံးပြုနိုင်တာတွေ လုပ်နိုင်ပါတယ်။ RAM 4GB အထိ ပါဝင်လာပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««