သင့်အတွက် 5G နဲ့ WiFi-6

လွန်ခဲ့တဲ့ ၆ နှစ်ကစပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ အင်တာနက်အသုံးချနိုင်ခွင့်ကို အခြေခံလူ့အခွင့်အရေး တစ်ရပ်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ အင်တာနက်အသုံးပြုနိုင်ကြဖို့အတွက်လည်း နည်းပညာရှင်များက Cellular network နဲ့ WiFi စနစ်များကို အချိန်နဲ့အမျှ ပိုလို့ ပိုလို့ ကောင်းစေဖို့ ကြိုးစားဆောင်ရွက်ရင်း မျိုးဆက်သစ်အဆင့်ဆင့်နဲ့ ဖန်တီးဆောင်ရွက်ပေးခဲ့ကြတယ်။ စမတ်ဖုန်းများ၊ ကွန်ပျူတာများလို Hardware ပစ္စည်းနဲ့ အစိတ်အပိုင်းများ ထုတ်လုပ်သူများကလည်း ပြောင်းလဲလာသော စနစ်သစ်အဆင့်ဆင့်နဲ့အညီ အရည်အချင်းများ အရည်အသွေးများ လိုက်လျောညီထွေ အသုံးပြု ခွင့်ရနိုင်ကြစေဖို့ အစဉ်မပြတ် ခေတ်မီမီ ထုတ်လုပ်ရောင်းချလာ ကြတယ်။ ယခုအခါ နောက်ဆုံး ထွက်ပေါ်လာတဲ့ ပဥ္စမမျိုးဆက် ဆယ်လူလာကွန်ရက် 5G (Fifth Generation Cellular Network) ကို စတင်စမ်းသပ် အသုံးပြုခွင့်ရကြပြီ ဖြစ်သလို WiFi စနစ်များအတွက် မျိုးဆက်သစ် WiFi-6 ကို စတင်အသုံးပြုနိုင်ကြပြီ ဖြစ်တယ်။

ပထမဆုံး ဆယ်လူလာမိုဘိုင်း ကွန်ရက်ကို ၁၉၇၉ ခုနှစ်က စတင်နိုင်ခဲ့တာကြောင့် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၀ ရှိခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။ နှစ်ပေါင်း ၄၀ အချိန် ကာလအတွင်း အဆင့် (၅) ဆင့် ပြောင်းလဲလာနိုင်ခဲ့တယ်။ ပထမဆုံး ဆယ်လူလာကွန်ရက်ကို 1G လို့ သတ်မှတ်ခဲ့သလို ဆင့်ကာဆင့်ကာ မျိုးဆက်သစ်များ ဖန်တီးနိုင်ခဲ့ရင်း ယခုအခါ 5G အဆင့်ကို ရောက်ရှိလာတာ ဖြစ်တယ်။ ပထမဆုံးမျိုးဆက်မှာ analog စနစ်နဲ့ လုပ်ဆောင်ရတာဖြစ်ပြီး အသံပိုင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုကိုသာ အသုံးချခွင့် ရခဲ့ကြတယ်။ ဒုတိယမျိုးဆက်ကို ဒီဂျစ်တယ်စနစ်ဖြင့် အသုံးပြုခွင့်ရကြတယ်။ တတိယမျိုးဆက်ရောက်တဲ့အခါ data များ ဆက်သွယ်ပေးပို့နိုင်တဲ့ အရည်အချင်းတွေ ရှိလာတယ်။ စတုတ္ထမျိုးဆက်မှာတော့ data အမြောက်အများ လက်ခံပေးပို့နိုင်တဲ့ true mobile broad-band ကို အသုံးပြုနိုင်သွား ကြတယ်။ အဓိကအားဖြင့် ပေးပို့ဆက်သွယ်နိုင်သော ဆက်သွယ်ရေး အမြန်နှုန်းများ တိုးတက်မြင့်မားလာခြင်း ဖြစ်တယ်။ စတုတ္ထမျိုးဆက် 4G စနစ်ကို ၂၀၁၂ ခုနှစ်မှာ စတင်အသုံးပြုခွင့် ရကြတယ်။ Data rate 200Mbps နဲ့ စတင် အသုံးပြုနိုင်မယ်လို့ သီအိုရီအရ အာမခံချက် ပေးခဲ့တယ်။ ဒါပေမဲ့ လက်တွေ့အသုံးချယူကြတဲ့အခါ ရည်ညွှန်းသီအိုရီနဲ့ တစ်ဝက်သာ ရရှိနိုင်ကြတယ်။

ဒီအတွက် 5G ရောက်ရှိလာစေဖို့ အမျှော်ကြီး မျှော်ကြတယ်။ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းရောက်တဲ့အခါ ကမ္ဘာ့အလယ်မှာ ဖွံ့ဖြိုး တိုးတက်နေပြီးဖြစ်တဲ့ နိုင်ငံကြီး များက 5G စနစ်ကို စတင်စမ်းသပ် အသုံးပြုခွင့်ရကြတယ်။ At&T တို့ Verizon တို့ T-Mobile တို့နဲ့ Sprint တို့လို carrier တွေက ဝန်ဆောင်မှုအတွက် တာဝန်ယူမှု စမ်းသပ်လုပ်ကိုင်နေကြတာ ဖြစ်တယ်။ 5G ရဲ့ ပွဲဦးထွက် စမ်းသပ်လေ့လာ ချက်များမှာတော့ မျှော်မှန်းထားတဲ့ နှုန်းထားများအထိ မရှိနိုင်ကြသေးပေ။ ဒါပေမဲ့ 4G LTE နှုန်းထားများထက် မြန်ဆန်မှုနဲ့ low latency ရရှိမှုများကတော့ အထင်အရှား ခံစားခွင့်ရကြတာ တွေ့ကြရတယ်။ ပညာရှင်များရဲ့ ကြိုးပမ်းချက်မှာ အခြေခံအားဖြင့် 3G စနစ်အတွက် 384Kbps နှုန်း ထား၊ 4G အတွက် 100Mbps နဲ့ 5G စနစ်အတွက် 10Gbps နှုန်းထားရရှိစေဖို့ ကြိုးပမ်းပေးခဲ့ကြတယ်။

စမ်းသပ်ကာလ ပထမ တစ်လတွင်း မှတ်တမ်းများအရ အမေရိကန်နိုင်ငံ ချီကာကိုမြို့ရဲ့ 5G မှာ အမြန်နှုန်းထား 1.3Gbps ရရှိနေပြီး လော့စ်အိန်ဂျယ်မြို့မှာ 1.8Gbps နှုန်းထားရရှိတာကို တွေ့ကြရတယ်။ အင်မတန် ရှည်လျားပြီး data ပမာဏကြီးမားတဲ့ ရုပ်ရှင်များကိုဖြစ်ဖြစ် ဂိမ်းများကို ဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်း download ရယူနိုင်သွားကြတယ်။ WiFi စနစ်ကို radio techno-logies ရဲ့ အုပ်စုဝင်တစ်ခု အဖြစ် ယေဘုယျ နားလည်ထားကြရတယ်။ WiFi ဆိုတဲ့ မည်နာမက WiFi Alliance ရဲ့ trademark ကို ရယူထား အသုံးပြုကြတာ ဖြစ်တယ်။ WiFi version အမျိုးမျိုးကို IEEE 802.11 protocol standards များနဲ့ ခွဲခြား သတ်မှတ်ယူလေ့ရှိတယ်။ သမိုင်းကြောင်းမှတ်တိုင်များအရ UHF wireless packet networks များအဖြစ် ၁၉၇၁ ခုနှစ်ကစပြီး ဖန်တီးယူခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၉၇ ခုနှစ် ရောက်မှသာ 802.11 standards များကို တရားဝင် အသုံးပြုခွင့် ရကြတယ်။ ပထမဆုံး version ကို 2Mbit/s link speeds နဲ့ သုံးကြရတယ်။ ဒုတိယ version ကိုတော့ 802.11b standard အဖြစ် သတ်မှတ်ပြီး 11Mbit/s link speeds ရရှိသွားစေတယ်။ ၁၉၉၉ ခုနှစ်မှာ 802.11b standard သုံးခွင့်ရပြီး ၂၀၀၃ ခုနှစ်မှာ 802.11g ကို အသုံးပြုခွင့်ရကြသလို ၂၀၀၉ ခုနှစ်မှာ 802.11n standard ကို သုံးခွင့်ရကြတယ်။ ၂၀၁၃ ခုနှစ် ရောက်တဲ့အခါ 802.11ac standard ကို အသုံးပြုခွင့် ရပြန်တယ်။ ယခု ၂၀၁၉ ခုနှစ်မှာ 802.11ax ကို စတင်ခွင့်ပြုနိုင်ခဲ့တယ်။ 802.11 ax ကို WiFi-6 အဖြစ် အသုံးချရယူကြရမှာ ဖြစ်တယ်။

၂၀၂၀ ခုနှစ်မှာ ကမ္ဘာတစ်လွှား နိုင်ငံတော်တော်များများမှာ 5G ဆိုတဲ့ Cellular နဲ့ wireless broadband ဆက်သွယ်ရေးစနစ် သစ်ကြီးကို အပြည့်အဝသုံးကြ တော့မယ်။ ဒီအချိန် သမရိုးကျ WiFi စနစ်ထက် အတွဲညီစေမယ့် WiFi စနစ်သစ်ကို မဖြစ်မနေ သုံး ကြရမှာ ဖြစ်တယ်။ Markets and Markets ဆိုတဲ့ သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ WiFi network ကြီးတွေက သိသိသာသာကြီး တိုးပွားမြင့်မားလာမယ် လို့ သိကြရတယ်။ WiFi data တွေက IP traffic စုစုပေါင်းရဲ့ ၅၀% ကျော်ကျော်ရှိမှာဖြစ်ပြီး ဒေါလာငွေ ၃၃.၆ ဘီလီယံရှိတဲ့ စျေးကွက်ကြီး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းတင်ပြထားတယ်။ WiFi-6 အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ WiFi-5 ထက် (၄)ဆ ပိုမိုမြန်ဆန် စွာ လုပ်ကိုင်ပေးလိမ့်မယ်။ 5G ဆက်သွယ်ရေးစနစ်ကြီးကြောင့် WiFi စနစ်သစ်ကြီး မလိုအပ်တော့ ဘူးလားဆိုတဲ့ မေးခွန်းကို သက် သေပြပေးပါလိမ့်မယ်။

WiFi စနစ်ကို အိမ်တွင်း၊ ရုံးတွင်းသာမက လူအများ တည်ရှိနေတဲ့ နေရာများအထိ အသုံးပြု လာကြမှာ ဖြစ်တယ်။ အထူးသဖြင့် Tablet များ အိမ်သုံး IoT ပစ္စည်းကိရိယာများ စမတ်တီဗွီများအပြင် ပြင်ပ ဧရိယာများရှိ ကိရိယာများအထိ သုံးစွဲမှုရှိမယ်။ တစ်ချို့ကိစ္စများမှာ 5G ကို သုံးမလား WiFi-6 ကို သုံးမလားဆိုတဲ့ ရွေးချယ်မှုတွေအထိ ရှိလာပါလိမ့်မယ်။ ကိစ္စတစ်ခုတည်းအတွက် စဉ်းစားကြရတဲ့ အခြေအနေမျိုး ကုန်ကျစရိတ်ချင့်တွက်ရတဲ့ လုပ်ငန်းမျိုး ဒါမှမဟုတ် ပထဝီဝင်အနေအထားအရ ရွေးချယ်အသုံးပြုကြရတဲ့ သဘာဝများကို အခြေခံနေကြမှာ ဖြစ်တယ်။ အမေရိကန်အခြေစိုက် ကွန်ရက်နဲ့ ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီ Cisco ကမူ intented-based ကွန်ရက်စနစ်၊ multicloud စနစ်၊ WiFi-6 စနစ် 5G စနစ်နဲ့ Security စနစ်များ အားလုံးကြိုး စားဖန်တီးကြရမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

-ဦးသောင်းဝင်း(ပန်းချယ်ရီ)