ဝန်ထမ်းတွေကလွဲပြီး Huawei ကို တခြား ဘယ်သူကမှ မပိုင်ဆိုင်

ဆွီဒင်နိုင်ငံရဲ့ တယ်လီကွန်းစည်းမျဉ်း အဖွဲ့အစည်း PTS ဟာ နိုင်ငံတွင်း အော်ပရေတာတွေရဲ့ 5G ကွန်ရက်မှာ Huawei စက်ပစ္စည်း အသုံးပြုတာကို ပိတ်ပင်လိုက်ပါတယ်။ သူတို့ရဲ့ ဆင်ခြေကတော့ တရုတ်နိုင်ငံအခြေစိုက် ရောင်းချသူဆိုတာနဲ့ ဆွီဒင်နိုင်ငံ လုံခြုံရေးအတွက် အန္တရာယ်တခု အလိုလို ဖြစ်နေလို့ပါတဲ့။

ဒီလို အမြင်လွဲမှားနေတာတွေဟာ ဆွီဒင်နိုင်ငံက အိမ်ထောင်စုနဲ့ လုပ်ငန်းတွေအတွက် Huawei ရဲ့ ဆန်းသစ်တီထွင်မှုတွေ မရရှိအောင် ဟန့်တားလို့ နေပါတယ်။ စိတ်မကောင်းစရာက ဒီလို အမြင်လွဲမှားမှုတွေ ပိုအားကောင်းအောင် သတင်းမီဒီယာတွေက တစ်ဆင့် ပြုလုပ်နေတာပါပဲ။ ဥပမာ နိုဝင်ဘာလ ၁၀ ရက်နေ့ Dagens Industri ရဲ့ အယ်ဒီတာ့အာဘော်တစ်ခုက “ တရုတ်နိုင်ငံက Huawei ကို ပြည်ပပိုင်ဆိုင်ခွင့် ဖွင့်လှစ်ပေးသင့်သည်” လို့ ဆိုထားပါတယ်။ ဒါဟာ စေတနာကောင်းနဲ့ လမ်းညွှန်ထားတယ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။ ဒါပေမဲ့ ကုမ္ပဏီ ဖွဲ့စည်းပုံတွေ၊ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လာရင်တော့ အကြီးအကျယ် အမြင်မှားနေတယ် ဆိုတာကို တွေ့မြင်ရပါတယ်။
Huawei ကို ၁၉၈၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကျွန်တော်ကတော့ ၁၉၈၉ မှာ အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်က ဘဏ်တွေဟာ တည်ထောင်စ ကုမ္ပဏီတွေကို ငွေချေးဖို့ အလွန် နှောင့်နှေးခဲ့ကြပါတယ်။ Huawei ဟာ ဝန်ထမ်းတွေကို ရှယ်ယာရောင်းချတဲ့ နည်းနဲ့ အရင်းအနှီးကို ထူထောင်ခဲ့ရပြီး အခုထိလည်း ဒီနည်းအတိုင်း ဆက်လက် လည်ပတ်နေပါတယ်။ ဝန်ထမ်းတွေက ကိုယ်ပိုင်ငွေနဲ့ ရှယ်ယာဝယ်ကြပြီး ရှိထားတဲ့ ရှယ်ယာအရေအတွက်အတိုင်း နှစ်စဉ် အမြတ်ဝေစု ခံစားရပါတယ်။။ ရှယ်ယာတစ်ခု အတွက် မဲပေးခွင့်အရေအတွက် တစ်ကြိမ် စနစ်နဲ့ ကိုယ်စားလှယ်များ ကော်မရှင်ရဲ့ အဖွဲ့ဝင်တွေကို မဲပေးတင်မြှောက်ကြပါတယ်။ အဲဒီကော်မရှင်က ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တွေကို ရွေးချယ်ပါတယ်။ အမြတ်အစွန်းတွေ ခွဲယူ၊ အခက်အခဲတွေ အတူခံတဲ့ ဒီစနစ်က Huawei ရေရှည်ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေ ပံ့ပိုးပေးသလို ကုမ္ပဏီအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတွေအတွက်လည်း အခြေခံအုတ်မြစ် အနေနဲ့ ရပ်တည်ပေးပါတယ်။

အများပိုင် အနေနဲ့ စာရင်းသွင်းထားတဲ့ ကုမ္ပဏီတွေမှာ ရှယ်ယာရှင်တွေက သုံးလပတ်ဝင်ငွေအပေါ် မျှော်လင့်ချက်များ ထားတတ်တာကြောင့် ရေတိုဖိအားတွေ ရင်ဆိုင်ရပါတယ်။ Huawei ကတော့ ပုဂ္ဂလိကပိုင် ဖြစ်တာမို့ ဒီလို ဖိအားတွေက ကင်းလွတ်နေပါတယ်။ ။ ပြင်ပဖိအားမရှိတဲ့အတွက် Huawei ဟာ ရေရှည်သုတေသနနဲ့ ဖွံ့ဖြိုးရေးအပေါ် အာရုံစိုက်နိုင်ပြီး ရှယ်ယာပိုင်ရှင် ဝန်ထမ်းတွေဆိုရင်လည်း ပိုမိုမြင့်မားတဲ့ ဆုကြေးတွေ ရရှိနိုင်ပါတယ်။

လက်ရှိအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO Ren Zhengfei က Huawei ရဲ့ ၁% ကို ပိုင်ပြီး ကျန်တာတွေကို Huawei သမဂ္ဂက တစ်ဆင့် ဝန်ထမ်းတွေက ပိုင်ပါတယ်။ တရုတ်နိုင်ငံက ကုမ္ပဏီတွေအနေနဲ့ သမဂ္ဂတွေ တည်ထောင်ထားတာက ထုံးစံ လုပ်ထုံးလုပ်နည်း ဖြစ်ပြီး တရားဥပဒေနဲ့လည်း ညီညွတ်ပါတယ်။ ဒီလို စီစဉ်မှုကို မီဒီယာတွေက ပွင့်လင်းမြင်သာမှု နည်းပါးတယ်လို့ ဖော်ပြတတ်ပေမယ့် တကယ်တော့ ကမ္ဘာအနှံ့က ဝန်ထမ်းပိုင် ကုမ္ပဏီတွေနဲ့ ကွာခြားမှု မရှိလှပါဘူး။ အလားတူ ကုမ္ပဏီတွေမှာ John Lewis Partnership (UK က စတိုးဆိုင်လုပ်ငန်းစု)၊ Essilor (ပြင်သစ်အခြေစိုက် မျက်မှန်၊ မျက်ကပ်မှန် ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ) တို့ ပါဝင်ပါတယ်။

လက်တွေ့မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းပိုင်ဆိုင်မှုပုံစံကို ဒီနေ့ခေတ် ဆွီဒင်ကုမ္ပဏီများစွာက အားပေးကြိုဆိုနေပါတယ်။ ။ ပြီးခဲ့တဲ့ နှစ် ဥရောပကုမ္ပဏီ သုတေသနအရ ဆွီဒင်နိုင်ငံ ပုဂ္ဂလိက ကဏ္ဍ ကုမ္ပဏီအားလုံးရဲ့ ၁၁% က ဝန်ထမ်းပိုင် ပုံစံမျိုး ကျင့်သုံးနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ ဒါဟာ ဥရောပက ပျမ်းမျှဝန်ထမ်းပိုင်ဆိုင်မှုထက် နှစ်ဆကျော်တောင် ပိုမို များပြားနေပါတယ်။ ဒီမိုဒယ်ဟာ ဆွီဒင်ရဲ့ သာတူညီမျှရှိရေး ဦးစားပေးဆောင်ရွက်မှုတွေနဲ့ ညီညွတ်တာကြောင့် ဖြစ်နိုင်ပါတယ်။ အလုပ်ပေါ် မူတည်ပြီး ဝန်ထမ်းတွေကို ကွဲပြားတဲ့ လခကြေးပေးနေသလို ပွင့်လင်းမြင်သာတဲ့ အမြတ်အစွန်း ခွဲဝေမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့်မို့ ဝန်ထမ်းတွေအနေနဲ့ အားပေးမှုကို ခံစားရပြီး အလုပ်အရည်အသွေးကို အလေးထား လာကြပါတယ်။ လုပ်ငန်း တိုးတက်စေမယ့် နည်းလမ်းတွေကိုလည်း အစဉ်တစိုက် တွေးဆလာကြပါတယ်။ Huawei က “ဝန်ထမ်းအရင်းရှင်စနစ်”ကို ကျင့်သုံးနေတယ်လို့တောင် ဥရောပကျွမ်းကျင်ပညာရှင်တချို့က ကောက်ချက်ချထားပါတယ်။

ကျွန်တော်တို့ဟာ အစိုးရ ပံ့ပိုးမှုက တစ်ဆင့် ကမ္ဘာမှာ ဦးဆောင်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာတယ်လို့လည်း အဆိုးမြင်သူတွေက မှားယွင်းဝေဖန်နေကြပါတယ်။ ကုမ္ပဏီကို အောင်မြင်စေတဲ့ အချက်ကတော့ ဒါနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ကျွန်တော်တို့ဟာ အမှီအခိုကင်းကင်းနဲ့ လည်ပတ်နေပြီး နိုင်ငံရေးပေါ် အခြေမခံဘဲ စီးပွားရေး သဘောတရားတွေအတိုင်းသာ ဆောင်ရွက်နေပါတယ်။ စတင် တည်ထောင်ချိန် ၁၉၈၇ ခုနှစ်က စပြီး ၂၀၀၀ အစောပိုင်းနှစ်တွေ အထိ Huawei ဟာ တရုတ်နိုင်ငံပိုင် enterprise လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီလုပ်ငန်းတွေရဲ့ အများစုက နောက်ပိုင်းမှာ မထင်မရှား မှေးမှိန်သွား၊ တချို့လည်း လုံးဝ ပျောက်ကွယ်သွားကြပါတယ်။ အရင်းရှင်စနစ်သမားတွေအတွက်တော့ ဒီရလဒ်က အံ့အားသင့်စရာ မဟုတ်ပါဘူး။ များသောအားဖြင့် နိုင်ငံပိုင် ဒါမှမဟုတ် နိုင်ငံက အုပ်စိုးတဲ့ ကုမ္ပဏီတွေဟာ ဗျူရိုကရေစီစနစ်ကြောင့်သော် လည်းကောင်း၊ ထိရောက်မှု အားနည်းတာကြောင့် သော်လည်းကောင်း ယှဉ်ပြိုင်လိုစိတ် ကျဆင်းလာတတ်မှန်းကို သူတို့တွေ နားလည်ထားကြပြီးသားမို့ပါ။ အဆင့်မြင့်နည်းပညာ နယ်ပယ်အတွက်ဆိုရင် ဒီသဘောတရားက ပိုမို မှန်ကန်နေပါတယ်။ တရုတ်နိုင်ငံရဲ့ နည်းပညာလုပ်ငန်းကဏ္ဍ ဒီလောက် မြန်မြန်နဲ့ ကောင်းကောင်း ဖွံ့ဖြိုးလာတာ ဘာကြောင့်ပါလဲ။ ၁၉၈၀ ခုနှစ်တွေထဲက တရုတ်နိုင်ငံဟာ Ericsson၊ Nokia၊ Motorola၊ Siemen နဲ့ တခြား နိုင်ငံခြားကုမ္ပဏီတွေအတွက် စျေးကွက်ကို ဖွင့်လှစ်ပေးခဲ့ပြီး တန်းတူပါဝင် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ပေးခဲ့သောကြောင့် ဖြစ်နိုင်ပါတယ်။

PTS ရဲ့ ထုတ်ပြန်ချက်က ၁၉၆၀၊ ၁၉၇၀ ခုနှစ်များတွေမှာ ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးမငြိမ်သက်တဲ့ ကာလတွေအကြောင်း ကျွန်တော့်ကို သတိရစေပါတယ်။ ကျွန်တော့် မိသားစုကို မြေရှင်တွေလို့ သတ်မှတ်ခဲ့ကြတာကြောင့် ကျွန်တော့်အနေနဲ့ တက္ကသိုလ်တက်ရောက်နိုင်တဲ့ အခွင့်အရေး ဆုံးရှုံးလုနီးနီး ဖြစ်ခဲ့ရပါတယ်။ PTS ကိုလည်း ဓမ္မဓိဌာန်ကျကျနဲ့ မျှတပြီး အချက်အလက်အခြေခံတဲ့ စစ်တမ်းကောက် လေ့လာမှုတွေ ပြုလုပ်ဖို့၊ ပြီးတော့ ဆွီဒင် တစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေ ပြုလုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ နိုင်ငံရေးသမားတွေ၊ သုတေသန ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေနဲ့ အခြား ပြည်သူတွေအတွက် Huawei က အမြဲတံခါးဖွင့်ထားတာမို့ ကျွန်တော်တို့ကုမ္ပဏီရဲ့ ဝန်ထမ်းစတော့ပိုင်ဆိုင်မှုအစီအစဉ် (ESOP) ခန်းမ အပါအဝင် ကုမ္ပဏီရပ်ဝန်းတွေဆီ လာရောက်လည်ပတ်နိုင်ပါတယ်၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း ကုမ္ပဏီက တည်ဆောက်ခဲ့တဲ့ စနစ်နဲ့ ပတ်သက်ပြီးတော့လည်း အကြံဉာဏ်တွေ မျှဝေပြီး ဆွေးနွေးနိုင်ပါတယ်။

ဘယ်အစိုးရကမှ Huawei ရဲ့ လုပ်ငန်းပိုင်းရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် အာဏာစွက်ဖက်ခွင့်မရှိတာ၊ Huawei ကို ဝန်ထမ်းတွေက လွဲပြီး တခြား ဘယ်သူကမှ မပိုင်ဆိုင်တာ စတဲ့ အချက်တွေကတော့ မပြောင်းမလဲ မှန်ကန်နေမယ့် အချက်အလက်တွေပဲ ဖြစ်ပါတယ်။

(ရေးသားသူ Jiang Xisheng ဟာ Huawei ဘုတ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်)