ဝက်ဘ်အနာဂတ်အတွက် သဘောတူညီချက်

၂၀၁၂ ခုနှစ် နွေရာသီအိုလံပစ် ပြိုင်ပွဲကြီးရဲ့  ဖွင့်ပွဲအခမ်းအနား စင်မြင့်ထက်မှာ အားကစားလောကနဲ့ လုံးဝမသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဖိတ်ခေါ် ဂုဏ်ပြုခဲ့ကြပါတယ်။ သူကိုယ်တိုင်က မသက်ဆိုင်ပေမယ့် သူတီထွင်ဖန်တီးခဲ့တဲ့ အရာကတော့အားကစား သမားတွေ၊ ပရိသတ်တွေနဲ့သာမက ကမ္ဘာပေါ်မှာ ရှိသမျှလူအားလုံးနဲ့ သက်ဆိုင်နေတာပါ။ ဒါကြောင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသတဲ့ အိုလံပစ်ပွဲကြီးမှာ သူ့ကို အခုလို လေးလေးစားစား ဖိတ်ခေါ်ပြီး တစုတဝေးတည်း ဂုဏ်ပြုခဲ့ကြပါတယ်။ သူကတော့ လက်ရှိကျနော်တို့ အသုံးပြုနေကျ အင်တာနက်ရဲ့ အဓိကအကျဆုံး နည်းပညာတစ်ခုဖြစ်တဲ့ World Wide Web (www) ကိုတီ ထွင်ခဲ့သူ ဆာတင်မ်ဘာနာလီး (Sir Tim Berners-Lee) ဖြစ်ပါတယ်။

www နည်းပညာ မပေါ်ပေါက်ခင်မှာ ကွန်ပျူတာကွန်ရက်တွေ ရှိနှင့်ပြီးသား ဖြစ်ပေမယ့် ပညာရပ်နယ်ပယ်၊ အဖွဲ့အစည်းတွေ ကြားမှာသာ အကန့်အသတ်နဲ့ သုံးစွဲနေခဲ့ရပါတယ်။ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကြား သတင်းအချက်အလက်ချင်း ဖလှယ်ဖို့တောင် အခက်တွေ့နေရပါသေးတယ်။ အားလုံးကို ဆက်သွယ်နိုင်မယ့် ကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာဖို့ အမြဲစိတ်ကူးနေခဲ့သူ ကွန်ပျူတာ သိပ္ပံပညာရှင် တင်မ်ဘာနာလီးက ၁၉၈၉ ခုနှစ် မေလမှာ သူစိတ်ကူးထားတဲ့ ကွန်ရက်တစ်ခုအကြောင်း အဆိုပြုတင်ပြခဲ့ပါတယ်။ အဲဒီနောက်လ အနည်းငယ်အကြာ ၁၉၈၉ ခုနှစ် နိုဝင်ဘာမှာတော့ Hyper Text Transfer Protocol (http) ကိုသုံးပြီး Client နဲ့ Server အကြားချိတ် ဆက်နိုင်မယ့် ပထမဆုံး ကွန်ရက်ကို တည်ဆောက်ပြနိုင်ခဲ့ပါတယ်။

သူက အဲဒီနည်းပညာတွေ အားလုံးကို စုပေါင်းပြီး World Wide Web (www) လို့ အမည်ပေးလိုက်ပါတယ်။ ၁၉၉၃ ခုနှစ် ဧပြီ ၁၃ ရက်မှာ www ရဲ့ Source Code ကို အားလုံးရယူ အသုံးချနိုင်အောင် ဖွင့်ပေးလိုက်တာကြောင့် ဘယ်သူမဆိုအခမဲ့ရ ယူလာနိုင်ခဲ့ပြီး ဆက်စပ်နည်းပညာတွေကို ဆက်လက်တီထွင် ဖန်တီးနိုင်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ “ကမ္ဘာအနှံ့ကွန်ရက်ကြီး” ဆိုတဲ့ အမည်အတိုင်း ပျံ့နှံ့တွင်ကျယ်လာခဲ့ ပါတော့တယ်။

အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို လာရောက်အားပေးကြသူတွေရဲ့ အလယ်မှာဆာတင်မ် ဘာနာလီးက www ကို တီထွင်ချိန်မှာ အသုံးပြုခဲ့တဲ့သူ့ရဲ့ NeXt ကွန်ပျူတာလေးနဲ့ တပါတည်းပေါ် ထွက်လာပါတယ်။ သူ့ရဲ့တီထွင် ဖန်တီးမှုအတွက် တလောကလုံးရဲ့ လက်ခုပ်သံကို ခံယူပြီး နောက်မှာ ဒီတီထွင်မှုနဲ့ ပတ်သက်လို့ သူ့ရဲ့ ရည်ရွယ်ချက်ကို ကွန်ပျူတာ အဟောင်းလေးမှာပဲ စာရိုက်ပြီး သတင်းစကားပါးလိုက်ပါတယ်။ ပရိသတ်ပေါင်း ခုနှစ်သောင်းကျော်ရဲ့ ထိုင်ခုံမှာတပ်ဆင်ထားတဲ့ မီးလုံးလေးတွေကတစ်ဆင့် တစ်ကမ္ဘာလုံးသိအောင် ပြသလိုက်တဲ့ သူ့ရဲ့ သတင်းစကားကတော့ “ဒါက လူတိုင်းအတွက်ပါ” တဲ့။

www ကို တီထွင်ပြီးတာနဲ့ ဆာတင်မ်ဘာနာလီးရဲ့ တာဝန်က မပြီးဆုံးသေးပါဘူး။ ဆက်လက်ဖွံ့ ဖြိုး တိုးတက်နေအောင် လမ်းပြပဲ့ကိုင်ပေးဖို့ ကျန်နေပါသေးတယ်။ ဒါကြောင့် သူကပဲ ဦးဆောင်ပြီး World Wide Web Consortium (W3C) ကို စတင်တည်ထောင်ခဲ့ပါတယ်။ အခုချိန်ထိအောင် ဒါရိုက်တာ တစ်ယောက်အဖြစ်တာ ဝန်ယူပြီး www နည်းပညာအတွက် စံချိန်စံနှုန်းတွေ၊ စည်းကမ်းချက်တွေ သတ်မှတ်ရာမှာ ပါဝင်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
နည်းပညာတစ်ခုက ဆက်လက်ဖွံ့ဖြိုးတိုးတက်နေရုံနဲ့တင် မလုံလောက်သေးပါဘူး။ မူလရည်ရွယ်ချက်အတိုင်း ဖြစ်မဖြစ်၊ လူသားအားလုံးအကျိုးအတွက် ဟုတ်မဟုတ်ဆိုတာကိုလည်း အမြဲတမ်းဆန်းစစ်နေဖို့၊ ထိန်း ကျောင်းနေဖို့ လိုအပ်ပါသေးတယ်။ ဒါကြောင့် ဆာတင်မ်ဘာ နာလီးက Web Foundation ဆိုတဲ့အဖွဲ့ကို ဆက်လက်တည်ထောင်ပြီး အင်တာနက်ရဲ့ လူတစ်ယောက်ချင်းစီအပေါ်  အကျိုးသက်ရောက်မှုကို အမြဲတမ်းမျက် ခြေမပြတ် စောင့်ကြည့်ထိန်းကွပ် ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။

အင်တာနက် အကောင်း အဆိုး

အင်တာနက်ကြောင့် လူတိုင်းရဲ့ဘဝမှာ မထင်မှတ်ထား လောက်စရာ၊ ကြိုမတွေးနိုင်လောက်စရာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျောက်ခေတ်လူသားတွေ မီးကို ရှာတွေ့ချိန်မှာအကြီးအကျယ် ပြောင်းလဲတိုးတက်ခဲ့ ရတာနဲ့တောင် နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မီးကြောင့် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ် ဆိုပေမယ့် တကယ်တမ်း ဆန်းစစ်ကြည့်ရင် အသုံးပြုသူနဲ့သာ သက်ဆိုင်ပါလိမ့်မယ်။ အင်တာနက်ဆိုတာရဲ့ အကောင်းအဆိုးကကော အသုံးပြုသူ ကျနော်တို့ တယောက်ချင်းစီအပေါ် တကယ်ပဲ မူတည်နေပါသေးရဲ့လား။

၂၀၁၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာ အက်ဒ်ဝပ်စနိုဒန်က လူတွေအားလုံးအပေါ် ပစ်မှတ်ထား စောင့်ကြည့်ထောက် လှမ်းနေတဲ့ စနစ်ကြီးအကြောင်းကို ဖွင့် ချပြခဲ့ပါတယ်။ ဒါကအမေရိကန် နိုင်ငံသားတွေကိုပဲ ပစ်မှတ်ထားခဲ့တာ မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာရှိ သမျှဖုန်း ဒါမှမဟုတ် ကွန်ပျူတာ တစ်လုံးနဲ့ ထိတွေ့မိသမျှ လူတိုင်းအားလုံးကို စောင့်ကြည့်ထောက် လှမ်းခဲ့တာပါ။ ကိုယ့်ရဲ့အွန်လိုင်း သင်ခန်းစာတွေကိုအင်တာနက်မှာ လေ့လာနေတဲ့ ကျောင်းသားလေးတစ်ယောက်ကနေ မှောင်ခိုဈေးကွက်မှာ မူးယစ်ဆေး ရောင်းနေသူအထိ၊ မြေးငယ်နဲ့ ဖုန်းပြောနေတဲ့ အသက် ၈၀ ကျော် အဘွားအိုကနေ တိတ်တိတ်ပုန်း ဖောက်ပြန်တဲ့ ခင်ပွန်းသည်အထိ နေရာတိုင်းက လူတိုင်းကိုထောက်လှမ်းနေတာပါ။ ဒီတော့ အင်တာနက် အကောင်းအဆိုးဆိုတာ အသုံးပြုသူရဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်သေးပါရဲ့လား။

အင်တာနက်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြတာ အစိုးရတွေပဲလားဆိုရင် မဟုတ်သေးပါဘူး။ ဥပမာအနေနဲ့ မကြာသေးမီကပဲ အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်မရဘဲ၊ အများအားဖြင့် အသုံးပြုသူတွေတောင် မသိလိုက်ဘဲ အမေရိကန်နိုင်ငံသားသန်း (၅၀) ကျော်ရဲ့ ဆေးမှတ်တမ်းတွေကို Google ကုမ္ပဏီကနေ ရယူခဲ့တယ်လို့ ဂါဒီယန် သတင်းစာကြီးကနေ ဖော်ထုတ်ခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေကို မကြာခဏ ကြုံလာရပြီးတဲ့အခါ Google နဲ့ Facebook လိုမျို းကုမ္ပဏီတွေကြောင့် လူ့အခွင့်အရေးခမျာ ကျယ်ကျယ်ပြန့်ပြန့် အတိုင်းအတာနဲ့ အန္တရာယ် ရှိနေပြီလို့ Amnesty Interna-tional အဖွဲ့ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့် အင်တာနက်ဆိုတာ ဆာတင်မ်ဘာနာလီး ရည်ရွယ်ခဲ့သလို “လူတိုင်းအကျိုး” အတွက် ဖြစ်နိုင်ပါသေးရဲ့လား။

Contract for the Web

အသက် (၆၄) နှစ်ရှိပြီဖြစ်တဲ့ ဆာတင်မ် ဘာနာလီးတစ်ယောက် အင်တာနက်ရဲ့ အရွယ်ရောက် ကြီးပြင်းလာမှုအပေါ်  စိုးရိမ်မကင်း ဖြစ်လာရပါပြီ။ ဒါကြောင့်အင်တာနက်ကို အသုံးချပြီး နိုင်ငံရေး အရ ကြိုးကိုင်ခြယ်လှယ်နေကြတာတွေ၊ သတင်းမှား ထုတ်ပြန်မှုတွေ၊ ကိုယ်ရေးကိုယ်တာအထိ ဝင်ရောက်စွက်ဖက်မှုတွေအပြင် လောကအကျိုးကို ဖျက်ဆီးနေတဲ့ အခြားသော အန္တရာယ်မျိုးစုံကနေ အချိန်မီ ကယ်တင်ပေးဖို့ ကြိုးစား ရပါတော့တယ်။
“အင်တာနက်မှာ ဖြစ်နေတဲ့မကောင်းတဲ့ ကိစ္စတွေကြောင့် စိုးရိမ်ကြောင့်ကျမှုတွေ ပိုပြီးများလာနေတယ်လို့ ကျနော်ထင်ပါတယ်” ဆိုပြီး သူက ဂါဒီယန်သ တင်းစာမှာ ပြောပြပါတယ်။“ဒီအတိုင်းပဲရှိပါစေလို့ ဆက်ပြီးလွှတ်ထားလိုက်မယ်ဆိုရင် မကောင်းတဲ့ ကိစ္စတွေပဲ အများကြီးဆက်ဖြစ်လာဖို့ ရှိနေပါတယ်၊ ကျွန်တော်တို့သာ တစ်ခုခု မလုပ်ဘူးဆိုရင် အင်တာနက်က တရားမျှတမှု ကင်းမဲ့တဲ့၊ ဖိနှိပ်ချုပ်ခြယ်မှုတွေ ခွဲခြားဆက်ဆံခံရမှုတွေ ပြည့်နှက်နေတဲ့ စိတ်ပျက်စရာ နေရာတစ်ခု ဖြစ်ကုန်တော့မယ်၊ ကျနော်တို့အ ခုလိုနေတာက ဆယ်နှစ်စီမံကိန်း ဘယ်နှနှစ် စီမံကိန်းမျိုး မဟုတ်ပါဘူး၊ ချက်ချင်း ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ပါ” လို့ သူက ဆက်ပြောပြပါတယ်။

အဖွဲ့အစည်းပေါင်း (၈၀) ကျော်နဲ့ တစ်နှစ်ကျော်ကျော်လက် တွဲလုပ်ဆောင်ပြီးတဲ့နောက်မှာ “ဝက်ဘ်အတွက် သဘောတူညီ ချက်” လို့ အဓိပ္ပါယ်ရှိမယ့် Cont-ract for the Web အစီအမံကိုပြီး ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထုတ်ပြန် နိုင်ခဲ့ပါပြီ။ အင်တာနက်ကို ကောင်းမွန်သန့် စင်သွားစေဖို့အစိုး ရတွေ၊ ကုမ္ပဏီတွေအပြင် လူ တစ်ယောက်ချင်းစီကပါ ဘယ်လိုမျိုး လုပ်ဆောင်ရမယ်ဆိုတာ ဒီအစီအမံမှာ ဖော်ပြပေးထားပါတယ်။ ဒီလိုမျိုး အင်တာနက်နဲ့ သက်ဆိုင်သူ (၃) ဦးလုံးအတွက် လုပ်ဆောင်ရမယ့် အခြေခံအချက် ကြီး (၃) ရပ်စီစုစုပေါင်း (၉)ချက်ကို အောက်ပါအတိုင်း တွေ့ ရပါတယ်။

အစိုးရပိုင်း

– လူတိုင်း အင်တာနက်ဆက်သွယ်မှု ရရှိစေရမည်။ (မည် သည့် နေရာဒေသတွင်နေထိုင် သည်ဖြစ်စေ၊ မည်သူ တစ်ဦးတစ် ယောက်ဖြစ်စေ အွန်လိုင်းတွင် တတ်ကြွစွာ ပါဝင်နိုင်စေရန် ရည် ရွယ်သည်။)

– အချိန်တိုင်းတွင် အင်တာနက်ဆက်သွယ်မှု အပြည့်အဝရ ရှိစေရမည်။ (မည်သူ တစ်ဦးတစ် ယောက်၏ အင်တာနက်အပြည့် အဝ အသုံးပြုခွင့်ကိုမှပိတ်ပင်ထား ခြင်းမျိုး မရှိစေရန် ရည်ရွယ် သည်။)

– လူတိုင်း၏သီးသန့် အေးအေးဆေးဆေး နေပိုင်ခွင့် (Privacy)၊ အချက်အလက် ထိန်းသိမ်းပိုင်ခွင့် (Data Rights) စသည့် အခြေခံအခွင့်အရေးများ ကို လေးစားရမည်၊ ကာကွယ် စောင့်ရှောက်ပေး ရမည်။ (လူတိုင်း အင်တာနက်ကိုလွတ်လပ်စွာ၊ လုံ ခြုံစွာ အကြောက်အလန့်မရှိဘဲ အသုံးပြုနိုင်ရန် ရည်ရွယ်သည်။)

ကုမ္ပဏီပိုင်း

– အင်တာနက်ကို လူတိုင်းတတ်နိုင်အောင်၊ အသုံးပြု နိုင်အောင် လုပ်ဆောင်ပေးရမည်။ (အင်တာနက်ကို အသုံးပြုခြင်း၊ ပုံဖော်ပေးခြင်း ဖြစ်စဉ်ကြီးတွင် မည်သူတစ်ဦးတစ်ယောက်မှ မ ကျန်ရစ်ခဲ့စေရန် ရည်ရွယ်သည်။)

– အွန်လိုင်းယုံကြည်မှုတည် ဆောက်နိုင်ရန်အတွက် လူတိုင်း၏ သီးသန့် အေးအေးဆေးဆေးနေ ပိုင်ခွင့် (Privacy)၊ အချက်အ လက်ထိန်းသိမ်းပိုင်ခွင့် (Data Rights) စသည့် အခြေခံအခွင့်အ ရေးများကို လေးစားရမည်၊ ကာကွယ်စောင့်ရှောက်ပေးရမည်။ (အွန်လိုင်းပေါ်တွင် လူတိုင်းမိမိဘဝကို မိမိစိတ်ကြိုက် ထိန်းကွပ်နိုင်ပြီး Privacy၊ Data Rights များနှင့် ပတ်သက်၍ ရှင်းလင်းတိ ကျသော၊ အဓိပ္ပါယ်ပြည့်ဝသော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်သည်။)

– လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကောင်းကျိုးဖြစ်ထွန်းစေပြီး ဆိုးကျိုးလျော့နည်းသွားစေမည့် နည်းပညာများကို ဖန်တီးပေးရမည်။ (လူထုအကျိုးကို အမှန်တကယ် ဦးစားပေးသော ဝက်ဘ်ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်သည်။)

တစ်ဦးတစ်ယောက်ချင်းအပိုင်း

-ဝက်ဘ်ကွန်ရက်အသုံးပြုရာ တွင်ပူးပေါင်းဆောင်ရွက်တတ်သူ၊ တီထွင်ဖန်တီးတတ်သူ ဖြစ်ရမည်။ ( လူတိုင်းအတွက်အရင်းအမြစ် ပြည့်စုံသော၊ ဆီလျော်သော အကြောင်းအရာများ ပေးအပ်နိုင်သော ဝက်ဘ်ကွန်ရက် ဖြစ်ရန် ရည်ရွယ်သည်။)

– လူအချင်းချင်း ယဉ်ကျေး သိမ်မွေ့မှုနှင့် လူ့ဂုဏ်သိက္ခာကို လေးစားတတ်သော လူ့အဖွဲ့အစည်းများ ခိုင်ခိုင်မာမာ တည်ဆောက်ရမည်။ (လူတိုင်းအွန်လိုင်းပေါ်တွင် လုံခြုံစွာ၊ နွေးထွေး စွာရှိနေနိုင်စေရန်ရည်ရွယ်သည်။)

– ဝက်ဘ်ကွန်ရက်အတွက် တိုက်ပွဲဝင်ရမည်။ (ဝက်ဘ်ကွန်ရက်သည်နေရာတိုင်းမှ လူ တိုင်းရယူနိုင်သော၊ အသုံးပြုနိုင် သော ကမ္ဘာ့ အရင်းအမြစ်ကြီးအဖြစ် ဆက်လက်ရပ်တည်နေစေရန်၊ အနာဂတ်တွင်လည်းယင်း အတိုင်း ဆက်လက် ရပ်တည်သွား နိုင်ရန် ရည်ရွယ်သည်။)

အထက်ပါ အစီအမံအတိုင်း အခြေခံအချက်ကြီးတွေ သတ်မှတ်ပေးလိုက်ရုံနဲ့ အင်တာနက်မှာတကယ်ပဲ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာလား။ ဆိုးကျိုးတွေကို လျော့ချပြီး ကောင်းကျိုးတွေပဲ ဆောင်ကြဉ်းလာနိုင်တော့ မှာလား။ ဒီအတွက် စိန်ခေါ်မှုတွေ ရှိနေတာကို ဆာတင်မ်ဘာနာလီး ကိုယ်တိုင် ဝန်ခံထားပါတယ်။

“ဝက်ဘ်ကွန်ရက်ကို လမ်းမှား ဆွဲခေါ်သွားမယ့် အင်အားဘက်က အလွန်ကြီးနေပါတယ်၊ ခင်ဗျားသာ အစိုးရတစ်ရပ် ဒါမှမဟုတ် ကုမ္ပဏီတစ်ခုဆိုရင် ဝက်ဘ်ကို ထိန်းချုပ်နိုင်ခြင်းက အလွန်အမြတ်အစွန်းရှိတဲ့ ကိစ္စပါ။ နောက်ပြီး ကိုယ့်နေရာမြဲနေစေဖို့ အာမခံပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နေတယ်လေ” လို့ သူက ပြောပါတယ်။

“သက်ဆိုင်သူ ၃ ဦးမှာ တစ်ဦးတစ်ယောက်ချင်း အပိုင်းကအ ရေးကြီးဆုံး ဖြစ်ပါတယ်၊ ဘာ ကြောင့်လဲဆိုတော့ ကျန်တဲ့က ဏ္ဍနှစ်ရပ်ကပါ ဒီအတိုင်း လိုက်နာလုပ်ဆောင်လာအောင်လူတွေကပဲ တွန်းအားပေး၊ အရေးယူရ မှာမို့ပါ” လို့ သူက ဆက်ပြီး လမ်းညွှန်ပေးခဲ့ပါတယ်။

မျှော်လင့်ချက်

နိုဝင်ဘာလ ၂၅ ရက်ကမှ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီအစီအမံကြောင့် အင်တာနက်ကြီး ကောင်းမွန်သန့်စင်သွားလိမ့်မယ်လို့ တွေးလိုက်ရင်အရမ်း အကောင်းမြင်ရာ ကျသွားပါလိမ့်မယ်။ အောင်မြင်မှုရှိ၊မရှိကို မဆိုထားဘဲ အပြောင်းအလဲတွေဖြစ်၊ မဖြစ် ဆိုတာကိုတောင် ပြောဖို့ အချိန်စောလွန်းပါသေးတယ်။

ဒါပေမဲ့ ဒီအစီအမံကတာ ထွက်ကောင်းလွန်းလို့ မျှော်လင့် ချက် ရောင်ခြည်တွေ လင်းလက် တောက်ပနေပါတယ်။ အချိန်တိုအတွင်း အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်က ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားကြပါပြီ။ အဲဒီထဲမှာဝေဖန်ခံရဆုံး Google၊ Facebook အပြင် Microsoft၊ Twitter တို့လို နည်းပညာ ကုမ္ပဏီကြီးတွေ သာမက Electronic Frontier Foundation တို့လို ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေလည်း ပါဝင်နေတာကြောင့် အားရစရာ ပါပဲ။ အဖွဲ့အစည်းတွေအနေနဲ့ဒီ သဘောတူညီချက် အစီအမံအတိုင်း လိုက်နာလုပ်ဆောင်ရမှာ ဖြစ်ပြီး ပြဿနာတွေ အတွက် လည်း အဖြေရှာကြရမှာဖြစ်ပါ တယ်။ အဲဒီအတိုင်း မလုပ်ဆောင် ခဲ့ရင် စာရင်းထဲကနေ ထုတ်ပယ်ခံ လိုက်ရပြီး ဂုဏ်သိက္ခာ ကျဆင်း သွား ပါလိမ့်မယ်။

အင်တာနက် ပေါ်ပေါက်ကာစမှာ စကားတစ်ခွန်းရှိခဲ့ပါတယ်။ “အွန်လိုင်းဆိုတာ တကယ့်လက် တွေ့ဘဝရဲ့ အစိတ်အပိုင်းလေး တစ်ခုသက်သက်ပါ”တဲ့။ အခုချိန်မှာတော့ ဒီစကားကပြောင်းပြန် ဖြစ်သွားပြီး တကယ့် လက်တွေ့ ဘဝဆိုတာ အွန်လိုင်းရဲ့အစိတ် အပိုင်းလေး တစ်ခုလို ပြောင်းလဲ သွားခဲ့ပါပြီ။ သေချာတွေး ကြည့် ရင် ကြက်သီးထစရာတောင် ကောင်းနေပါတယ်။ ကြီးသည် ဖြစ်စေ၊ သေးသည်ဖြစ်စေ ကျနော်တို့ရဲ့ ဘဝအစိတ်အပိုင်းတစ် ခုပါပဲ။ ဒီတော့ ကောင်းတာလိုချင်သလား၊ ဆိုးတာ လိုချင်သလား တွေးကြည့်ကြပါတော့။

အင်တာနက်ကြီး ကောင်းမွန်သန့်စင် လှပလာစေဖို့အတွက်ရည် ရွယ်ထားတဲ့ Contract for the Web အစီအမံကိုပြီးခဲ့တဲ့ ရက် ပိုင်းအတွင်းမှာ ထုတ်ပြန်ခဲ့ပါပြီ။ ကျနော်တို့ တစ်ဦးတစ်ယောက်ချင်း လုပ်ဆောင်နိုင်တာတွေသာ မက အခြားသူတွေလုပ်ဆောင် လာအောင်လည်း တွန်းအားပေး နိုင်ကြပါတယ်။“ကျနော်တို့အမှား လုပ်မိတိုင်း နည်းပညာကြောင့် ဆိုပြီး အပြစ်ပုံချချင်လို့မရဘူး” ဆိုတာ ဆာတင်မ်ဘာနာလီး ကိုယ် တိုင် ပြောခဲ့ဖူးပါတယ်။ ဒီတော့ ပိုမို‌ကောင်းမွန်တဲ့ အွန်လိုင်းအနာ ဂတ်အတွက် အယောက်စီတိုင်း တိုက်ပွဲဝင်ကြပါစို့။

-လုကာကျော်
Ref: The Guardian, contractfortheweb.org