လျှပ်စစ်စူပါကားတစ်စီး ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Ferrari

Ferrari အနေနဲ့ high-end လျှပ်စစ်ကားတစ်စီး ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ အမှုဆောင်အရာရှိချုပ် Sergio Marchionne က ဇန်နဝါရီ ၁၆ ရက် (အင်္ဂါနေ့) မှာ ပြောကြားလိုက်ပါတယ်။

Detroit မှာပြုလုပ်ခဲ့တဲ့ North American International ကားပြပွဲမှာ Fiat Chrysler ရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ Marchionne က ဈေးကွက်ထဲမှာ အမြန်ဆုံးကား ဖြစ်လာမယ့် Ferrari ရဲ့ ပထမဆုံး SUV ကို ၂၀၁၉ နှစ်ကုန် ဒါမှမဟုတ် ၂၀၂၀ ခုနှစ်မှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“တကယ်လို့ လျှပ်စစ်စူပါကားတစ်စီး တည်ဆောက်ရမယ်ဆိုရင် Ferrari ကပဲ ပထမဆုံး ဖြစ်မှာပါ။ လူတွေက Tesla ရဲ့ စူပါကားကို အံ့အားသင့်နေကြပါတယ်။ ကျွန်တော်က Elon Musk ရဲ့ လုပ်ဆောင်ချက်ကို သေးသိမ်အောင်လုပ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို စူပါကားကို ကျွန်တော်တို့ (ကားကုမ္ပဏီ) အားလုံးက ထုတ်လုပ်နိုင်တယ်လို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး “ပထမနှစ်ဝက်မှာ ထုတ်ပြန်မယ့် Ferrari အတွက် စီမံကိန်းသစ်မှာ hybrid ကားတွေလည်း ပါဝင်ပါတယ်။ ဒါဆိုရင် hybrid ကနေ လျှပ်စစ်ကားကိုသွားဖို့ မခက်ခဲတော့ပါဘူး” လို့ Marchionne က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: Bloomberg